ရန်ကုန် စက်တင်ဘာ ၂၁
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြို့ရှိ Nagoya City Higashi Sports Center ၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်တက်ဂ်ဘောအသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ခင်နှင်းဝေက ရွှေတံဆိပ်ဆုတစ်ခု၊ တက်ဂ်ဘော အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက ငွေတံဆိပ်ဆု တစ်ခု၊ တက်ဂ်ဘောအမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် စောဖရိုင်းဒေးက ကြေးတံဆိပ်ဆုတစ်ခုတို့ကို မြန်မာ နိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းမှ နည်းပြ နှစ်ဦးနှင့် အားကစားသမားလေးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကာ အာရှ အားကစားပြိုင်ပွဲဝင်နိုင်ငံများ၏အလယ်တွင် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူ၍ ဂုဏ်ယူဝင့်ကြွားစွာ ဆုရစင်မြင့်ထက်၌ မှတ်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အားကစားသမားများ၏ အာရှအဆင့် ယှဉ်ပြိုင်နိုင်သောစွမ်းရည်ကို ပြသနိုင်ခဲ့သည့် အောင်မြင်မှု တစ်ရပ်လည်း ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းမှ နည်းပြများနှင့် အားကစားသမားများသည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့သည်။
ဆက်လက်၍ အောင်မြင်မှုဆုတံဆိပ်များရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောအသင်းအား နိုင်ငံတော်ကပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၆၀၀၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၆၀၀ နှင့် မြန်မာနိုင်ငံ တက်ဂ်ဘောအဖွဲ့ချုပ်က ပေးအပ် သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၆၀၀ စုစုပေါင်းဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၈၀၀ ကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် မြန်မာနိုင်ငံ တက်ဂ်ဘောအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာထက်ခိုင်ဝင်းတို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


