အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့တက်ဂ်ဘောအသင်း ရွှေ၊ ငွေ၊ ကြေး တံဆိပ်များ ဆွတ်ခူးရရှိ

 

ရန်ကုန် စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများသည် အကောင်းဆုံးစွမ်းဆောင်ရည်ပြသကာ ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

 

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ခင်နှင်းဝေက ပြိုင်ပွဲတစ်လျှောက်ရှုံးပွဲမရှိ အကောင်းဆုံး ပုံစံဖြင့်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် သုံးပွဲကစား သုံးပွဲစလုံး အနိုင်ရရှိခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ငွေတံဆိပ်ဆု ထပ်မံဆွတ်ခူး နိုင်ခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ပွဲအဆင့်ဆင့်တွင် အနိုင်ရလဒ်များရယူကာ ဖိုင်နယ်အဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီး ဖိုင်နယ်ပွဲစဉ်၌ အာရှအဆင့်တွင် အင်အားကြီးအသင်းတစ်သင်းဖြစ်သည့် ထိုင်းအသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒုတိယနေရာ (ငွေတံဆိပ်ဆု)ကို ရရှိခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား Saw Friday က ကြေးတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့သည်။ Saw Friday သည် အုပ်စုအဆင့်မှ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး ရလဒ်ဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ကာ အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အီရတ် ကစားသမားကို ရှုံးနိမ့်ခဲ့သော်လည်း စက်တင်ဘာ ၂၀ ရက်ကကျင်းပသည့် တတိယနေရာလုပွဲစဉ်တွင် ဖိလစ်ပိုင်ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ကြေးတံဆိပ်ဆု ရယူပေးခဲ့ခြင်းဖြစ်သည်။

 

ယခုရရှိခဲ့သည့် အောင်မြင်မှုများသည် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောစင်မြင့်ပေါ်တွင် မြန်မာနိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်သစ်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် တက်ဂ်ဘောကစားသမားများ၏ အာရှအဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထင်းရှားစွာပြသနိုင်ခဲ့သည့် အောင်မြင်မှုများဖြစ်ကြောင်း သိရသည်။

နေမျိုး၊ ဓာတ်ပုံ-MTF