ရန်ကုန် စက်တင်ဘာ ၁၉
ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan)၌ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲကြီး (20th Asian Games 2026)တွင် နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ မြန်မာ့လက်ရွေးစင် Esports အသင်း(Team Zanaka) ၏ eFootball mobile နှင့် console အားကစားသမားများသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ဂျပန်နိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် ထွက်ခွာသွားသည်။
မြန်မာ့လက်ရွေးစင် Esports အသင်းသည် ပြီးခဲ့သည့်ဒေသတွင်း ခြေစစ်ပွဲများတွင် အာရှထိပ်သီးအသင်းများကို ရင်ဆိုင်ကျော်ဖြတ်၍ Esports ကစားနည်းငါးမျိုးဖြင့် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲကာလ၌ အိမ်ရှင်ဂျပန်အပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စသည့်အာရှထိပ်သီးနိုင်ငံများနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယနေ့တွင် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအသုတ်အဖြစ် စတင်ထွက်ခွာသည့် eFootball mobile နှင့် console အားကစားသမားများအား မြန်မာနိုင်ငံ အီးစပေါ့အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အီးစပေါ့အားကစားဝါသနာရှင်များနှင့် ပရိသတ်များက လိုက်ပါအားပေးပို့ဆောင်ခဲ့ကြပြီး စက်တင်ဘာ ၂၄ ရက် တွင် Honor of Kings (HOK) အသင်း၊ စက်တင်ဘာ ၂၅ ရက်တွင် PUBG Mobile အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် Mobile Legends: Bang Bang (MLBB) အသင်းတို့ ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်


