ရန်ကုန် စက်တင်ဘာ ၁၅
ဂျပန်နိုင်ငံ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan) ၌ စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် Esports အားကစားအဖွဲ့ချုပ်မှ National Team Zanaka အသင်း သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းက ရန်ကုန်မြို့ Pan Pacific Hotel ၌ ကျင်းပသည့် မီဒီယာမိတ်ဆက်ပွဲမှ သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Esports အသင်းသည် Honor of Kings (HOK) ၊ PUBG Mobile (PUBGM) ၊ Mobile Legends: Bang Bang (MLBB) ၊ eFootball Mobile နှင့် eFootball Console အစရှိသည့် အားကစားနည်းငါးမျိုးကို ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အိမ်ရှင် ဂျပန်နိုင်ငံအပါအဝင် တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဆော်ဒီအာရေဗျ၊ အီရန် စသည့်နိုင်ငံများနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
“Zanaka အသင်းက အာရှအားကစားပြိုင်ပွဲမှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အာရှ ၁၂ နိုင်ငံမှာ ထိပ်သီးရှစ်နိုင်ငံနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိပါတယ်။ အထူးသဖြင့် တရုတ်၊ ဂျပန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ အကောင်းဆုံးပြင်ဆင်ထားတာကြောင့် နိုင်ငံဂုဏ်ဆောင် ဆုတွေရရှိဖို့ မျှော်မှန်းထားတယ်။ ပြိုင်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ စောင့်ကြည့်အားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက ပြောသည်။
မြန်မာ့လက်ရွေးစင် Esports အားကစားအဖွဲ့ချုပ်မှ National Team Zanaka အသင်း၊ Team Zanaka eFootball Mobile အသင်းနှင့် Console အသင်းတို့သည် စက်တင်ဘာ ၁၉ ရက်တွင် ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
ထို့အတူ စက်တင်ဘာ ၂၄ ရက်တွင် Honor of Kings (HOK) အသင်း၊ စက်တင်ဘာ ၂၅ ရက်တွင် PUBG Mobile အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် Mobile Legend (MLBB) အသင်းတို့သည်လည်း ဂျပန်နိုင်ငံသို့ ထွက်ခွာကြမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား ၂၁ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ KBZPay ၊ U9၊ Lipovitan-D နှင့် SINODA တို့က ပူးပေါင်းပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
သစ္စာ (MNA)၊ ဓာတ်ပုံ - ဇွဲမာန်


