ရခိုင်ပြည်နယ်ကိုယ်စားပြု
လှပေါင်းစုံညီရခိုင်မြီယိမ်းအကအဖွဲ့
နေပြည်တော် အောက်တိုဘာ ၂၇
(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီး၌ ဆက်လက်ကျင်းပခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ပေါက်ကျော်မ
ဝါသနာရှင်အဆင့်(ပထမတန်း) ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
ကျွန်မအနေနဲ့ အကြိမ်များစွာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတံဆိပ် ရတာက ၄၀ ကျော်လောက်ရှိပါတယ်။ ကျွန်မအနေနဲ့က ဆုတံဆိပ် ဆိုတာထက် အခုနောက်ပိုင်းမှာ လူငယ်မျိုးဆက်သစ်တွေ များများ ပေါ်ထွန်းလာစေချင်တဲ့အတွက် ဒီပြိုင်ပွဲကြီးကို ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။ အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ လူငယ်တွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် လူမှုကွန်ရက်စာမျက်နှာ ပေါ်ကနေလည်း ဒီပညာရပ်တွေလေ့လာလို့ရအောင် ပညာရှင်တွေက လက်ဆင့်ကမ်းပို့ချပေးနေသလို အနီးကပ်လက်တွေ့လည်း သင်ကြား ပို့ချပေးနေကြတာကို တွေ့ရပါတယ်။ ဒီလိုတွေ တွေ့ရမြင်ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်မအနေနဲ့လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေကို မျှဝေပေးနေတာတွေရှိပါတယ်။ အပြင်မှာ ဗလာဆိုင်းနဲ့ အသက်မွေးဝမ်းကျောင်းလည်းပြုနေပါတယ်။ ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေး မှုအမွေအနှစ်တွေကို နိုင်ငံတော်အနေနဲ့ နှစ်စဉ်ဖော်ထုတ်ပေးသရွေ့ ကျွန်မတို့နေနဲ့လည်း ကိုယ်တတ်တဲ့ပညာလေးတွေနဲ့ ဆက်လက် ထိန်းသိမ်းသွားပါမယ်လို့ ပြောပါရစေ။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
မဟာရန်ကုန် ရဲလင်းဗိုလ်
ဝါသနာရှင်အဆင့်(ပထမတန်း)ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု
ကျွန်တော့်အနေနဲ့ ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အကြိမ်ရေများစွာ ယှဉ်ပြိုင်ဖူးပါတယ်။ ပတ္တလား၊ ဆိုင်းတစ်ဦးချင်း၊ ကွက်စိပ်ပံ့ပိုးဆိုင်း အများကြီးပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲ တိုင်းမှာလည်း ဆုတံဆိပ်တွေ အမြဲရရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုင်းပညာကို တပည့်တွေများစွာမွေးထုတ်ခဲ့ပါပြီ။ နာမည်ကျော် ရွှေတံဆိပ်ဆုရှင်တွေလည်းပါပါတယ်။ မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ တို့ရဲ့ ရိုးရာအစစ်အမှန်ဖြစ်တဲ့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပပေးတဲ့ နိုင်ငံတော်သမ္မတကြီးကို အထူးပင်ဂါရဝပြုကျေးဇူးတင် ပါတယ်ခင်ဗျာ။ လာမယ့်နှစ်တွေမှာလည်း ဒီနှစ်လိုပဲ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး ကျင်းပပေးပါလို့ ဦးညွှတ်တောင်းပန်အပ်ပါတယ်။
မောင်ဇွဲပြည့်စုံ
ကွက်စိပ်ပြိုင်ပွဲဝင် (ရခိုင်ပြည်နယ်ကိုယ်စားပြု)
ကျွန်တော်ငယ်ငယ်ကတည်းက နောက်ပိုင်းဇာတ်တော်ကြီး ကတာတွေ အလွန်သဘောကျတဲ့အတွက် ဆိုငိုပြောကိုပိုင်နိုင်ချင်လို့ ကွက်စိပ်ကို လေ့လာဖြစ်တာပါ။ ဘဘဦးစိန်အောင်မင်းတို့ ရွှေမန်းတင်မောင် တို့ရဲ့ ဆိုငိုပြောဟန်တွေကို နားရည်လည်းဝတယ်။ ပြီးတော့ ဆရာတွေ ကလည်း သင်ကြားပေးတာတွေလည်းရှိပါတယ်။ အများကြီးကြိုးစား အားထုတ်ရတာပေါ့။ ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက ဘုရားလောင်း ငုံးမင်းရဲ့ သမ္မောဒမာနဇာတ်တော်နဲ့ပြိုင်တာပါ။ ကွက်စိပ်ကိုတော့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာပါ။ အရင်နှစ်နှစ်လောက်တုန်းက အဆင့်မြင့်ပညာအဆင့် အကပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင် ဖူးပါတယ်။ ဆုတော့မရရှိခဲ့ပါဘူး။ ဒီလိုပြိုင်ပွဲကြီးတွေ ကျင်းပခြင်းအားဖြင့် အနုပညာရှင်တွေများစွာ မွေးထုတ်ပေးတဲ့တွက် အများကြီး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
မောင်မျိုးမင်းခန့်
ဝါသနာရှင်အဆင့်(ပထမတန်း)ပတ္တလားအတီးပြိုင်ပွဲဝင် မွန်ပြည်နယ်ကိုယ်စားပြု
ဝါသနာရှင်ပထမတန်းပြိုင်တာကတော့ ဒါကပထမဆုံးအကြိမ်ပါ။ အဆင့်မြင့်ပညာအဆင့်မှာ ပြိုင်ခဲ့တုန်းက ရွှေတံဆိပ်နှစ်ခုရခဲ့ဖူးပါတယ်။ ပြိုင်ပွဲအတွက် ပြဋ္ဌာန်းသီချင်းက ရှစ်ပုဒ်နဲ့ လေ့ကျင့်ခဲ့တယ်။ အောင်မင်္ဂလာ(ယိုးဒယား)သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ စိတ်တိုင်းတော့ မကျခဲ့ဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ ပတ္တလားအတီးပြိုင်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ပြိုင်ပွဲဝင် ရှစ်ယောက်ပါ။ အခုလို မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ပွဲတွေ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ပေးစေချင်ပါတယ်ခင်ဗျာ။
ရခိုင်ပြည်နယ်ကိုယ်စားပြု လှပေါင်းစုံညီရခိုင်မြီယိမ်းအကအဖွဲ့
တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ
ကျွန်မတို့အဖွဲ့ကို ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ဆရာ ဆရာမ တွေ၊ အခြေခံပညာကျောင်းသား ကျောင်းသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျွန်မတို့ နှစ်လလောက်လေ့ကျင့်ခဲ့ပါတယ်။ အခုလိုမျိုး ရခိုင်တိုင်းရင်းသားယိမ်းအကတွေ၊ ရခိုင်ပြည်နယ်မှာ ထင်ရှားတဲ့ စေတီ ပုထိုးအကြောင်းတွေကို အများပြည်သူသိအောင် ဝေမျှခွင့်ရတဲ့အတွက် အများကြီးဝမ်းသာရပါတယ်။ လာရောက်ဖျော်ဖြေရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူရပါတယ်။
ကယားပြည်နယ်ကိုယ်စားပြု ကယားရိုးရာအကအဖွဲ့
တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာ
ကျွန်တော်တို့အဖွဲ့ကို ကယားပြည်နယ်ထဲမှာရှိတဲ့ ကျောင်းပေါင်းစုံ က ကျောင်းသားကျောင်းသူတွေနဲ့ ဖွဲ့စည်းထားပြီး တစ်လကျော်လောက် လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ထဲမှာတော့ ကျောင်းပွဲတွေမှာ ကပြဖျော်ဖြေတာရှိပါတယ်။ ဒီလိုနေပြည်တော်မှာတော့ အခုမှပထမဆုံး လာရောက်ဖျော်ဖြေဖူးတာဖြစ်ပါတယ်။ နေပြည်တော်ကို လာရောက် ဖျော်ဖြေရတာကြောင့် အလွန်စိတ်လှုပ်ရှားသလို အလွန်လည်းပျော်ပါတယ်။ ကယားပြည်နယ်က တောင်ပေါ်မြို့ဖြစ်လို့ အလွန်အေးပေမယ့် ဒီမှာတော့ အတော်လေးပူတာကလွဲရင် အစစအရာရာ အဆင်ပြေပါတယ်။


