အိုလံပစ်ဝင်ခွင့်အတွက် ကျင်းပမည့် ပြိုင်ပွဲ ၂၄ ခုမှ ယှဉ်ပြိုင်မည့် ပြိုင်ပွဲများကို သက်ထားသူဇာ ပြန်လည်ရွေးချယ်မည်

နေပြည်တော်  ၁ ဇွန်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် တိုကျိုအိုလံပစ် ပြိုင်ပွဲဝင်ခွင့်အတွက် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ကျင်းပမည့် ပြိုင်ပွဲများအနက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ချက်များကို ပြန်လည်သတ်မှတ်ခဲ့ပြီး ယခင်ရရှိထားသည့် ရမှတ်များကို ဆက်လက်တွက်ချက်မည်ဖြစ်သလို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက်အထိ ကျင်းပမည့်ပြိုင်ပွဲများမှ ရလဒ်များကိုလည်း ထည့်သွင်း တွက်ချက်သွားမည် ဖြစ်သည်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် ယင်းကာလအတွင်း ပြိုင်ပွဲ ၂၄ ခုကျင်းပရန် စီစဉ်ထားပြီး သက်ထားသူဇာပုံမှန် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Grade-2 နှင့် Grade-3 ပြိုင်ပွဲအများစု ပါဝင်လျက်ရှိသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် Grade-2 ပြိုင်ပွဲများဖြစ်သော BWF Tour Super 100 ပြိုင်ပွဲ၊ BWF World Tour Super 300 ပြိုင်ပွဲ၊ BWF World Tour Super 500 ပြိုင်ပွဲ၊ BWF World Tour Super 750 ပြိုင်ပွဲ၊ Grade-3 ပြိုင်ပွဲများဖြစ်သော Future Series ပြိုင်ပွဲ၊ International Series ပြိုင်ပွဲနှင့် International Challenge ပြိုင်ပွဲတို့အပါအဝင် အခြားပြိုင်ပွဲများ ကျင်းပမည်ဖြစ်သည်။

ယခုနှစ် မတ်လက မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော ဥရောပနိုင်ငံများ၌ ကျင်းပမည့်ပြိုင်ပွဲများကိုလည်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး သက်ထားသူဇာသည် ကျင်းပမည့်ရက်နှင့် နိုင်ငံများအပေါ် မူတည်၍ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်အတွက် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး အာရှနှင့် ဥရောပနိုင်ငံများ၌ ကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ် ရှိနေသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်