အိုလံပစ် အမျိုးသမီးဘောလုံးပွဲ ခြေစစ်ပွဲများကို ဆစ်ဒနီတွင် ပြောင်းရွှေ့ကျင်းပမည်

၂၇ ဇန်နဝါရီ

အိုလံပစ် အမျိုးသမီးဘောလုံးပွဲ ခြေစစ်ပွဲများကို  တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် လာမည့်လအတွင်း ကျင်းပသွားရန် စီစဉ်ထားသော်လည်း တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆိုပါခြေစစ်ပွဲများကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီ မြို့တွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်မှ ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ဩစတြေးလျ၊ ထိုင်ဝမ်၊ ထိုင်းနှင့် တရုတ်တို့ပါဝင်သော အုပ်စု(ခ)၏ တိုကျို ၂၀၂၀ အာရှခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို ဝူဟန်တွင် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပသွားရန် မူလပထမက စီစဉ်ထားခဲ့သော်လည်း ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့နှံ့နေသည့်အတွက် နန်နင်းမြို့တွင် ပြောင်းလဲကျင်းပရန် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က စီစဉ်ခဲ့သည်။

သို့သော်လည်း အဆိုပါအဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းမှာ တိုးမြင့်လာသည့်အတွက် အာရှခြေစစ်ပွဲ နောက်ဆုံးအဆင့်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် တရုတ်ဘောလုံးအဖွဲ့က ရုပ်သိမ်းခဲ့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က ပြောခဲ့သည်။

ဘာသာပြန်-စုရည်
ကိုးကား-အန်အိတ်ချ်ကေ