ဘားအံ စက်တင်ဘာ ၁၆
အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ အအေးပေးနည်းပညာနှင့် ဆက်စပ်လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်မောင်မယ်များ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ၊ အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ကူညီပေးသူများအား ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ဆက်လက်၍ ဆုရစာစီစာကုံးနှင့် ပန်းချီလက်ရာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ရေထု၊ လေထု၊ မြေထုတိုင်းကိရိယာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်၊ စာစောင်များ၊ လုပ်ငန်း မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးကြသည်။
အခမ်းအနား အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ ရွာလယ်ကျောင်းတိုက်၌ ပြည်နယ်အလုပ် သမားညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်သင်တန်းကျောင်း(ဘားအံ)မှ ဖွင့်လှစ်ခဲ့သည့် ဂဟေသင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကား ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အတူ သင်တန်းထူးချွန် ဆုရရှိကြသူများအား ဆုများနှင့် သင်တန်းသားများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ယနေ့ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့က ကျေးရွာ စာသင်ကျောင်းသို့ ပေးအပ် လှူဒါန်းရန် ကျောင်းသုံးစာသင်ခုံတန်းရှည် အလုံး ၁၀၀၊ ကျောင်းသုံး စာသင်စားပွဲအလုံး ၃၀၀၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်းသို့ ပေးအပ်ရန် တစ်ယောက်အိပ် ခုတင်အလုံး ၅၀ တို့ကို ပြုလုပ်ပေးရန် သင်တန်းဆင်းလူငယ်များထံ လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


