နေပြည်တော် သြဂုတ် ၂၄
တပ်မတော် ဆေးတက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန် ဆေးပညာ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အိန္ဒိယ သမ္မတနိုင်ငံအစိုးရက လှူဒါန်းသည့် ဆေးပညာသင်ကြားရေး ဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးမှတစ်ဆင့် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ပင်မစာသင်ဆောင် အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ၊ စစ်သံမှူး Colonel Arjun N Singh နှင့် တာဝန်ရှိသူများ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ဆေးပညာ သင်ကြားရေးဆိုင်ရာ သင်ထောက် ကူပစ္စည်းများ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား၍ လှူဒါန်းမှုဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ခဲ့ရာ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးက လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်လာ ကြသူများသည် ပေးအပ်လှူဒါန်း ထားသည့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသမှုနှင့် ပစ္စည်း များအား အသုံးပြု၍ သင်ကြားရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြ သည်။
ယနေ့ အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံမှ ပေးအပ် လှူဒါန်းသည့် သင်ထောက်ကူ ပစ္စည်းများအနေဖြင့် ဝမ်းဗိုက်နှင့် အရိုးဆစ်များအတွင်း အပေါက် ငယ်များဖောက်ကာ ကင်မရာဖြင့် ကြည့်၍ခွဲစိတ်သော စက်ကိရိယာ တစ်စုံ၊ အဆင့်မြင့်သွားတုပုံဖော် စက်တစ်စုံ၊ မျိုးရိုးဗီဇစမ်းသပ် စစ်ဆေးသည့်စက် တစ်စုံ၊ ရောဂါဗေဒ ဓာတ်ခွဲခန်းတွင် အသားစမှန်ပြားများအား ဒီဂျစ် တယ်စနစ်ဖြင့် ကူးယူသော စက်တစ်စုံ၊ ဆေးပညာသင်ကြား ရေးဆိုင်ရာ အဆင့်မြင့်အသံနှင့် ကင်မရာစနစ်တစ်စုံ၊ သင်ကြားရေးသုံး မျက်နှာပြင်ကျယ်ကွန်ပျူတာ ဖန်သားပြင်များနှင့် အရည်အသွေး မြင့်ပရိုဂျက်တာများ ပါဝင်ကြောင်း သိရှိရပြီး ဆေးပညာသင်ကြားရေး၊ သုတေသနနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းနှင့် အိန္ဒိယ နှင့်မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


