အိန္ဒိယသို့ တင်ပို့ရမည့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့်သာ တင်ပို့နိုင်မည်

၁၀ သြဂုတ်

 

အိန္ဒိယသို့ တင်ပို့ရမည့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယအစိုးရအနေဖြင့် ယခင်က ပြည်ပမှ တင်သွင်းမည့် မတ်ပဲ တန်ချိန် လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့သော်လည်း မေလ ၂၂ ရက်ကမူ အချိန်သုံးလအတွင်း အပြီးတင်သွင်းရမည်ဟု အသိပေးစာ ထုတ်ပြန်၍ မူဝါဒထပ်မံ ပြောင်းလဲလိုက်ခြင်းကြောင့် အချိန်တိုတောင်းသဖြင့် မတ်ပဲတန်ချိန် လေးသိန်းအနက် တန်ချိန်တစ်သိန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်သည်။

 

"တန်ချိန် လေးသိန်းပေါ်မှာ တကယ်တမ်း တင်ပို့နိုင်ရင် လအားဖြင့် အရမ်းတိုတဲ့ပုံစံမျိုး ဖြစ်နေတယ်၊ သူတို့ လိုင်စင် နောက်ကျတာနဲ့ လက်ရှိ ဘယ်လိုခေါ်မလဲ တင်ပို့နိုင်တဲ့ အနေအထားကို ကြည့်ရင်တော့ ခုနပြောသလိုပါဘဲ ၂၀ ရာခိုင်နှုန်း၊ အများဆုံး ၂၅ ရာခိုင်နှုန်းပေါ့၊ တန်ချိန် ရှစ်သောင်း၊ တစ်သိန်း ဒီထက် မပို့နိုင်ဘူး"ဟု ဦးမင်းကိုဦးက ပြောသည်။

 

ထိုသို့ အိန္ဒိယ၏ ပဲတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် မတ်ပဲ တန်ချိန်လေးသိန်းကို ယခုလအတွင်း အပြီးတင်သွင်းရမည်မှာ မဖြစ်နိုင်သည့်အပြင် ပြည်တွင်းမှာလည်း ပဲအလုံအလောက် မရှိကြောင်း၊ လက်ရှိ ပြည်တွင်း မတ်ပဲလက်ကျန်မှာလည်း တန်ချိန် နှစ်သိန်း၊ နှစ်သိန်းခွဲ ဝန်းကျင်သာရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းထံမှ သိရသည်။

 

သို့ဖြစ်၍ အိန္ဒိယသို့ မတ်ပဲတင်ပို့မှု အချိန်တိုးပေးရန် အိန္ဒိယသံရုံးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက တောင်းဆိုထားသည်။

 

"သူတို့က ယခင် စတင်ထုတ်ပြန်တုန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်ဆိုပြီး သူက ထုတ်ပြန်ထားတာကိုး၊ နောက်မှ ဒီတန်ချန် လေးသိန်းကို သုံးလအတွင်းဆိုပြီး ကန့်သတ်လိုက်တယ်ဆိုတော့ ဘာပဲပြောပြော ဆက်ပြီးတင်ပို့လို့ရအောင်တော့ ဆက်ပြီးတောင်းဆိုထားပါတယ်" ဟု ဦးမင်းကိုဦးက ပြောသည်။

 

လက်ရှိ ပဲစျေးကွက်အတွင်း၌လည်း စျေးနှုန်းအပြောင်းအလဲ မရှိဘဲ မတ်ပဲတစ်တန်လျှင် ငွေကျပ် ၉၄၂၅၀၀ ခန့်ရှိပြီး ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၈၀၃၅၀၀ ခန့် ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ  မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

 

ငြိမ်းငြိမ်း