အောက်တိုဘာ ၁၂
အိန္ဒိယနိုင်ငံ၏ပြည်တွင်းလေကြောင်းခရီးစဉ်တစ်ခုတွင် ခရီးသည်တစ်ဦး၏ အီလက်ထရွန်နစ်ပစ္စည်းတစ်ခု ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါပစ္စည်းမှာ ပါဝါဘန့်ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်း IndiGo က ပြေးဆွဲသည့် လေယာဉ်တစ်စင်းပေါ်တွင် ပါဝါဘန့်ရုတ်တရက်မီးလောင်သွားသည့် လေကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် လေယာဉ်ကို အနီးဆုံးလေဆိပ်သို့ လမ်းကြောင်းပြောင်းကာ ဆင်းသက်စေခဲ့ကြောင်း သိရသည်။ ထိုပါဝါဘန့်ကို လေယာဉ်အတွင်း ခရီးသည်များ၏ ထိုင်ခုံအပေါ်ဘက်ရှိ ပစ္စည်းသိုလှောင်ခန်းထဲတွင် ထည့်ထားသော အိတ်တစ်လုံးအတွင်း၌ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လူမှုကွန်ရက်များပေါ်တွင်တင်ထားသည့် ဗီဒီယိုများတွင် ၎င်းအိတ်အတွင်းမှ မီးတောက်များ ထွက်ပေါ်လာရာ ခရီးသည်များက ထိတ်လန့်တကြားဖြင့် မီးလောင်နေပြီဟူသော အော်ဟစ်သံများကို မြင်တွေ့ရသည်။
အဆိုပါပြည်တွင်းလေယာဉ်ခရီးစဉ် 6E 6115 သည် နယူးဒေလီမှ တောင်ပိုင်းမြို့ ချန်နိုင်းသို့ ပျံသန်းနေသော်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် ဟိုက်ဒရာဘတ်လေဆိပ်သို့ ချက်ချင်း လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


