အိန္ဒိယနိုင်ငံတွင် ဓါတ်ငွေ့ကန်မှ ဓါတုဓါတ်ငွေ့ယိုစိမ့်တဲ့အတွက် လူ ၆ ဉီးသေဆုံးပြီး ၁၀၀၀ နီးပါး ဆေးကုသမှုခံယူနေရ

၇ မေ

 

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ  ဓါတ်ငွေ့ကန်မှ ဓါတ်ငွေ့တွေ ယိုစိမ့်တဲ့အတွက်  အနည်းဆုံးလူ ၆ ဦး သေဆုံးပြီး  လူ ၁,၀၀၀ ခန့် ဆေးရုံတင်ထားရကြောင်း၊ ဓါတ်ငွေ့ရှူရှိုက်မိတဲ့အတွက် သတိမေ့မြောနေတဲ့ နေသူတွေဟာ လမ်းမတွေပေါ်မှာ လဲနေတာကို မြင်ခဲ့ရကြောင်း၊ အဲဒီဖြစ်စဉ်ဟာ ဒီနေ့လင်းအားကြီးချိန်မှာ ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှ LG Chem ကုမ္ပဏီပိုင် စက်ရုံမှ ဓါတ်ငွေ့တွေ ထွက်လာတာဖြစ်ပါတယ်။

 

အန်ဒရာပရာဒက်ရှ် ပြည်နယ်နယ်ရှိ ဗစ်စကာပနမ်မြို့ ရဲ့ လမ်းမတွေပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူတွေဟာ လှုပ်ရှားမှုမရှိဘဲ တုံးလုံးပက်လက်တွေ လဲနေတာကို နိုင်ငံတွင်း ရုပ်မြင်သံကြားလိုင်းတွေမှာ ပြသထားပါတယ်။

 

ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Times of India ရဲ့ ထုတ်ပြန်ချက်အရ အသက်(၈)နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အနည်းဆုံး ၈ ဉီး သေဆုံးပြီး လူ ၅,၀၀၀ ဖျားနာခဲ့ကြောင်း သိရပါတယ်။ ဒေသခံတွေမှာ အသက်ရှူခက်ခဲခြင်း၊ အရေးပြားယားယံခြင်းနဲ့ မျက်စိနာခြင်းတွေပါ ခံစားနေရကြောင်း သတင်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

အဲဒီမြို့နဲ့ အနီးနားပတ်ဝန်းကျင်မှာ လူ ၅ သန်း လောက်နေထိုင်ကြောင်း သိရပါတယ်။

 

LG Chem ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ နံနက်ပိုင်းက ဓါတ်ငွေ့ယိုစိမ့်မှုကို ရှာဖွေကာ ပိတ်ပြီးပြီဖြစ်ကြောင်း၊ ဓါတ်ငွေ့ယိုစိမ့်မှုကို ထိန်းထားနိုင်ပြီဖြစ်ကာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် နာမကျန်းဖြစ်နေသူတွေကို  အမြန်ဆုံး ပြန်လည်ကျန်းမာလာအောင် နည်းလမ်းတွေပါ ရှာနေကြောင်း ရေးသားထားပါတယ်။

 

ကိုရိုနာဗိုင်းရပ်ကြောင့် အသွားအလာပိတ်ဆို့လိုက်တဲ့အတွက် ဓါတ်ငွေ့စက်ရုံကို ရပ်ဆိုင်းထားပါတယ်။ ဓါတ်ပြုမှုတွေဖြစ်ပြီး ဓါတ်ငွေ့ကန်အတွင်းမှာ အပူတွေထွက်ရာကနေ ဓါတ်ငွေ့တွေ ယိုစိမ့်ထွက်လာတာကြောင်း အဲဒီ ဒေသရဲ့ ရဲအရာရှိက ပြောပါတယ်။

 

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဗစ်စကာပနမ်မှာ နေထိုင်သူတိုင်း ကျန်းမာပါစေ။ အားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းကြောင်း သူ့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။

 

MDN
ကိုးကား - AFP