အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ မြေပြိုမှုကြောင့် ၁၉ ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

ဂူဝါဟာတီ ၂ ဇွန်

 

အိန္ဒိယနိုင်ငံ အာသံပြည်နယ် တောင်ဘက် ဘာရာ့ခ်ချိုင့်ဝှမ်းဒေသရှိ ဟေလာကန်ဒီ၊ ကာရိမ်ဂန်ဂျာနှင့် ကာချာခရိုင်များတွင် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ယနေ့အစောပိုင်းက မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အာသံပြည်နယ် ဟိုင်လာကန်ဒီခရိုင်၊ မိုဟန်ပူရ်ဒေသရှိ သွပ်မိုးနေအိမ်တစ်လုံး၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီခန့်က ဖြစ်ပွားသည့် မြေပြိုမှုတစ်ခုတွင် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် လူခုနစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ခရိုင်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ဒဏ်ရာရရှိသူ နှစ်ဦးကို ခရိုင်ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ထားကြောင်း သိရသည်။

 

ထို့အတူ ကာရိမ်ဂန်ဂျာခရိုင်၊ ကရိမ်ပူရ်အရပ်၌ ယနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားသည့် မြေပြိုမှုတွင် ကလေးသုံးဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် မိသားစုဝင် ငါးဦးသေဆုံးခဲ့ကြောင်း ခရိုင်ရဲမှူး ကူမာဆန်ဂျစ်ကရစ်ရှ်နာက ပြောကြားသည်။

 

ထို့အပြင် ကာချာခရိုင်၊ ကိုလာပူရ်ကျေးရွာတွင် ယနေ့အစောပိုင်းက ဖြစ်ပွားသည့် မြေပြိုမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။ ပြည်နယ်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြေပြိုမှုသတင်းရရချင်း အခင်းဖြစ်ပွားသည့် နေရာများသို့ ချက်ချင်းသွားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် ပြည်နယ်ဝန်ကြီးချုပ် ဆာဘနန်ဒါဆိုနိုဝါလ်က မြေပြိုမှုကြောင့် မိသားစုဝင်များ ဆုံးရှုံးသွားသည့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါကြောင်း ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့နဲ့ သဘာဝဘေးဒဏ်ခံခဲ့တဲ့ မိသားစုတွေအတွက် လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးဖို့ ကူညီကယ်ဆယ်ရေးလုပ်သားတွေကို အခင်းဖြစ်ပွားတဲ့ ခရိုင်သုံးခုသို့ စေလွှတ်ထားပါတယ်ဟု ပြည်နယ်ဝန်ကြီးချုပ်က ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

 

ကိုးကား- ပီတီအိုင်

ဘာသာပြန်- ဂျေတီ