အိန္ဒိယ ယူ-၁၇ အသင်းကို မြန်မာ ယူ-၁၇ အသင်း ဂိုးပြတ်ရှုံးနိမ့်

ရန်ကုန်    အောက်တိုဘာ    ၇

၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို အောက်တိုဘာ ၇ ရက်က သန်လျင်စတားစီးတီးကွင်း၌ ကျင်းပရာ မြန်မာအသင်း လေးဂိုးပြတ် အရေးနိမ့်ခဲ့သည်။     

 မြန်မာအသင်းသည် အိန္ဒိယအသင်းနှင့် ပထမခြေစမ်းပွဲတွင် တစ်ဂိုးစီ သရေကျခဲ့သော်လည်း ယခုဒုတိယခြေစမ်းပွဲတွင် ကစားပုံလိုအပ်ချက်များနှင့်အတူ အမှားများခဲ့ပြီး ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအသင်းက ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးပြတ်ရလဒ် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၇ အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သော်လည်း အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့သည်။ ပွဲစကတည်းက အိန္ဒိယအသင်းက ပိုဖိအားပေးနိုင်ခဲ့ပြီး မြန်မာအသင်းက မိနစ် ၂၀ နောက်ပိုင်းမှသာ အပြန်အလှန်ကစားနိုင်ခဲ့သည်။ နှစ်သင်းစလုံး အဆုံးသတ်အားနည်းသဖြင့် ဂိုးမရဘဲ မိနစ် ၄၀ တွင် ဂန်တီက အိန္ဒိယအသင်းအတွက်  အဖွင့်ဂိုးသွင်းယူကာ  ပထမပိုင်းအပြီးတွင်  တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ၅၃ မိနစ်တွင် မြန်မာနောက်ခံလူ ကြည်သာ အိန္ဒိယတိုက်စစ်ကို ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် အိန္ဒိယအသင်း ဒုတိယဂိုးရခဲ့ပြီး ခြောက်မိနစ်အကြာတွင် ဒိုနာဂျယ်က အဝေးကန်ချက်ဖြင့် တတိယဂိုးသွင်းယူခဲ့သည်။ အိန္ဒိယအသင်းအတွက် နောက်ဆုံးဂိုးကို ၇၂ မိနစ်တွင် ဟီရီရှီကက်ရှ်က သွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် မြန်မာဂိုးသမား စောအောင်ကျော်ဖြိုး ပင်နယ်တီဧရိယာစည်းအပြင်ထွက်ပြီး ဖျက်ထုတ်ပုံကြမ်းသဖြင့် အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။

မြန်မာအသင်းနှင့် အိန္ဒိယအသင်းသည် ခြေစမ်းပွဲနှစ်ပွဲကစားရာ အိန္ဒိယအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။ မြန်မာအသင်းသည် ယခု ခြေစမ်းပွဲများတွင် ကစားပုံမကောင်းဘဲ လိုအပ်ချက်များရှိနေသဖြင့် ခြေစစ်ပွဲမတိုင်မီ ပြင်ဆင်နိုင်ရန် လိုအပ်နေသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF