အိမ်နီးချင်းကောင်း၊ မိတ်ဆွေစစ်

မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား နယ်နိမိတ်ထိစပ်မှုမှာ ၂၄၁၆ ကီလိုမီတာရှည်လျားပြီး အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အလျောက် သမိုင်းကြောင်းမှာလည်း ထိစပ်မှု၊ ဆက်နွှယ်မှုတို့ ရှိနေသည်။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှုမှာ ၇၈ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ‘‘မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Natural Strategic Partnership)’’ အဖြစ် အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။

 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ချစ်ကြည်ရင်းနှီးစွာဖြင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုများအတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များပူးပေါင်းဆောင်ရွက်မှု၊ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းအဆင့်ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်။

 

ရှည်လျားလှသည့် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်နိမိတ်မျဉ်းတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့မှာ နှစ်နိုင်ငံအတွက်သာမက အခြားကမ္ဘာ့နိုင်ငံများအတွက်ပါ အရေးပါသည်။ မြန်မာနိုင်ငံ၏အရှေ့ဘက် နယ်စပ်များတစ်လျှောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေကြပြီး ၎င်းအဖွဲ့များမှာ မူးယစ်ဆေးဝါးချက်လုပ်မှု၊ သယ်ယူပို့ဆောင်ရောင်းဝယ်မှု၊ အွန်လိုင်းလိမ်လည်မှု စသည့်ရာဇဝတ်မှုများနှင့် တစ်နည်းနည်း ပတ်သက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံရေးသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန် တံခါးဖွင့်ဖိတ်ခေါ်ထားသည်။

 

နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း မြန်မာ-ထိုင်းနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်မည့် ပူးတွဲကတိကဝတ်ကို နှစ်ဖက်စလုံးကဖော်ပြခဲ့ကြပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို တိုက်ဖျက်ရာတွင် ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

 

နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိစေရေး နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်မည့်ကိစ္စ၊ တရားဝင်နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေချောမွေ့စေရေး နည်းလမ်းရှာဖွေမည့်ကိစ္စ၊ အဆင့်မြှင့်တင်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်များကို ခိုင်မာအားကောင်းစေရေး ကတိကဝတ်များ ထပ်လောင်းအတည်ပြုခဲ့ကြသည့်ကိစ္စ၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရန်၊ သဘာဝဓာတ်ငွေ့သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေတူးဖော်မှု တိုးမြှင့်သွားရန်ကိစ္စ၊ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာကိစ္စများ၊ နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းရေးကိစ္စ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးနည်းပညာဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် အရေးကြီးကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးပေးပြောကြားခဲ့ကြရာ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့က မြန်မာ-ထိုင်းနှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို မြင့်မားစွာ မြှင့်တင်သွားနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက ဆက်နွှယ်ရင်းနှီးမှုများရှိသည့် နိုင်ငံများဖြစ်ကြပြီး ခွဲခွာ၍မရသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သကဲ့သို့ နှစ်ဖက်ပြည်သူများအကြား ဆက်နွှယ်မှု၊ ဆက်ဆံမှုအလွန်ခိုင်မာသည့်နိုင်ငံများဖြစ်ကြသည်။ နှစ်နိုင်ငံအကြား ရှည်လျားသည့်နယ်နိမိတ်ထိစပ်နေမှုနှင့်အတူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည်လည်း အပြန်အလှန်ဆက်စပ်နေကြသည်။ မြန်မာနှင့်ထိုင်းတို့၏ စီးပွားရေး၊ ကုန်သွယ်ရေးတို့မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်အားဖြင့် အရေးပါလျက်ရှိပြီး အကျိုးစီးပွားချင်း တူညီလျက်ရှိနေခြင်းဖြစ်ရာ အိမ်နီးချင်းကောင်း၊ မိတ်ဆွေစစ်တို့၏ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် နှစ်နိုင်ငံအကြား ကောင်းသည်ထက် ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွ တည်ဆောက်သွားကြရပါမည့်အကြောင်း။ ။