အီတလီဟင်းလျာ ရက်သတ္တပတ် လှုပ်ရှားမှုပွဲတော် နှင့်ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုနာဗင်ချီ ကွယ်လွန်ခြင်း နှစ် ၅၀ဝ ပြည့် အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်  ၁၁   နိုဝင်ဘာ

 

နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် အီတလီဟင်းလျာ ရက်သတ္တပတ် လှုပ်ရှားမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂) လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး၏ နေအိမ်တွင် ကျင်းပခဲ့သည်။

 

7

 

အီတလီဟင်းလျာ ရက်သတ္တပတ် လှုပ်ရှားမှုကို အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ တစ်ကမ္ဘာလုံးရှိ အီတလီသံရုံး များတွင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့အီတလီသံရုံးမှလည်း အီတလီရိုးရာ ဓလေ့များကို မြှင့်တင်မည့် ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး မစ္စစ် အလက်ဇန္ဒရာ စကီရာဗို ထံမှ သိရသည်။

 

အီတလီဟင်းလျာ ရက်သတ္တပတ် လှုပ်ရှားမှုအပြင် အီတလီနိုင်ငံသား ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုနာဗင်ချီ(LEONARDO DA VINCI) ကွယ်လွန်ခြင်း နှစ် (၅၀ဝ) ပြည့် အထိမ်းအမှတ်အနေဖြင့် ၄င်း၏ ကမ္ဘာကျော် လက်ရာပန်းချီကား အစစ်အမှန်များနှင့် တစ်ထပ်တည်းကျသည့် ပုံစံတူဖန်တီးထားမှုများကို နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရန်ကုန်မြို့ရှိ ROSEWOOD YANGO တွင် ဝင်ကြေးအခမဲ့ဖြင့် ပြသပေးလျက်ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး မစ္စစ် အလက်ဇန္ဒရာ စကီရာဗို က “မြန်မာနိုင်ငံမှာ ကျင်းပတာကတော့ ဒီနှစ်က (၄) ကြိမ်မြောက်ပါ။ ဒီနှစ်မှာတော့ အီတလီနိုင်ငံသား စာဖိုမှူး Carlo Maria Ricca နဲ့ အီတလီ အစားအစာအတွက် သင်တန်းပို့ချမဲ့ စားဖိုမှူးလေးယောက် ရှိပါတယ်။ အဲ့ဒီမှာ မြန်မာ တစ်ယောက်ပါပါတယ်။  သူကတော့ မြန်မာနိုင်ငံက ပထမဆုံးလို့ ပြောလို့ရတဲ့ အီတလီနိုင်ငံ အချက် အပြုတ်သင်တန်း ALMA မှာ ချက်ပြုတ်နည်း သင်တန်း တစ်နှစ် သင်ခွင့်ရခဲ့တဲ့ မြန်မာစားဖိုမှူး ဦးရဲကိုနိုင်ပါ။ သူတို့က ကော့မှူးမှရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်ထားတဲ့ Hospitality and Catering Training Academy (HCTA) ၊ နောက်တစ်ခုက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းက ဖွင့်တဲ့ Myanmar Tourism Human Resources Development Association (MTHRDA) ၊ မြန်မာနိုင်ငံရှိ အကြားအာရုံချို့ယွင်းသူ လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် Myanmar Deaf Chefs Association တို့မှာ အီတလီ ဟင်းလျာချက်ပြုတ်နည်း Master classes တွေ ပေးသွားမှာပါ” ဟုပြောသည်။

 

4

 

အီတလီနိုင်ငံ အချက်အပြုတ်သင်တန်း ALMA တွင် ဟင်းချက်နည်း သင်တန်းတက်ခဲ့သူ မြန်မာစားဖိုမှူး ဦးရဲကိုနိုင်က နိုဝင်ဘာ ၁၂ ရက်နှင် ၁၄ ရက်များတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး မစ္စစ် အလက်ဇန္ဒရာ စကီရာဗို ၏ နေအိမ်တွင် သင်တန်းများ ပို့ချပေးသွားဖြစ်ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

 

အီတလီ ဟင်းလျာ ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ရှိ  L’Opera, E’Cucina, Casa Mai နှင့် Fratello အီတလီ စားသောက်ဆိုင်များမှ လာရောက်စားသုံးသူအတွက် အီတလီ အထူးဟင်းလျာပွဲများကို အထူးဈေးနှုန်းဖြင့် သက်မှတ်ထားရှိ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယခု နိုဝင်ဘာလအတွင်း ကျင်းပသည့် အီတလီ အစားအသောက် ရက်သတ္တပတ် ပွဲတော်သည် တစ်ကမ္ဘာလုံးရှိ အီတလီ သံရုံးထားရှိသော နိုင်ငံတိုင်းတွင် ကျင်းပခြင်းဖြစ်ပြီး သီးသန့် အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၃ ရက်တွင်လည်း အီတလီသံအမတ်ကြီး၏ နေအိမ်တွင် အီတလီအစားအသောက် ပွဲတော်တစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်ပွဲမှ သိရသည်။

 

 “အဲ့ဒီအခါ ကြရင် မြန်မာပြည်သူတွေ အပန်းဖြေအနားယူ စားသောက်နိုင်ဖို့အတွက် ရန်ကုန်မြို့မှာရှိတဲ့ အီတလီ စားသောက်ဆိုင်တွေက အိမ်မှာ လာဖွင့်ပါမယ်။ အများပြည်သူကို ဝင်ခွင့်ပေးမှာပါ။ မြန်မာ-အီတလီ ချစ်ကြည်ရေးတိုးမြှင့်လာဖို့ ရည်ရွယ်ပြီး သံအမတ်ကြီးနေအိမ်မှာပဲ ဖွင့်လှစ်မှာပါ။ သက်သက်သာသာဈေးနှုန်းနဲ့ အီတလီ အစားအသောက်တွေ ရောင်းချမှာပါ” ဟု အီတလီသံအမတ်ကြီး မစ္စစ် အလက်ဇန္ဒရာ စကီရာဗို က ပြောသည်။

 

2

 

 

သတင်း..ညွန့်ကိုကို၊ ဓာတ်ပုံ..လှမိုး