အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးဝင်းအတွင်း ဒုံးကျည်များကျရောက်

၂၇ ဇန်နဝါရီ

 

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် ရှိ အမေရိကန်သံရုံးဝင်းအတွင်း ယမန်နေ့ညပိုင်းက ဒုံးကျည်များ ကျရောက်ခဲ့သည်ဟု သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် သံရုံးအဆောက်အဦ ပျက်စီးခဲ့သည်ဟု ဒေသန္တရမီဒီယာက ဆိုသည်။ အသေးစိတ်အချက်အလက်များကို ယခုထိ မသိရှိရသေးပေ။

 

ဘဂ္ဂဒက်မြို့တော်၏ တင်းကျပ်ထားသည့် အစိမ်းရောင်ဇုန်တွင် ဒုံးကျည်အများအပြား ပစ်လွှတ်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

 

အီရတ်နိုင်ငံ ခေတ္တဝန်ကြီးချုပ် အဘဒူလ် မာဒီ က ထိုတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာခဲ့သည်။

 

ထိုဒုံးကျည်ပြန်လည်ပစ်လွှတ်ခြင်းကို တားဆီးရန်နှင့် ဒုံးကျည်ပစ်လွှတ်မှုနှင့် သက်ဆိုင်သူများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးရန် မှာကြားထားသည်ဟု ၎င်းကဆိုသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများသည် အီရတ်နိုင်ငံကို စစ်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ယခုလအစောပိုင်းက ဘဂ္ဂဒက်မြို့တော်တွင်  အီရန်နိုင်ငံ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ အသတ်ခံရသည့် အတွက် အီရတ်နိုင်ငံရှိ အမေရိကန်နှင့်ဆက်စပ်သော အဆောက်အအုံများကို ပစ်မှတ်ထားကာ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထိုသံရုံး ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး တိုက်ရိုက်ပြောဆိုခြင်း မရှိခဲ့ပေ။

 

အီရန်နှင့် အီရန်က ထောက်ပံ့ထားသော ပြည်သူ့စစ်အဖွဲ့များသည် အီရတ်နိုင်ငံရှိ အမေရိကန်ဝန်ထမ်းများအပေါ် ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ကျော် ရှိပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို