အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲရေးနှင့် ပတ်လည်စီးပွားရေး၏ အခန်းကဏ္ဍ

သစ်တောမောင်

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ

အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ (Electronic Waste/ E-waste/ Waste Electrical and Electro-nic Equipment - WEEE) ဆိုသည်မှာ ယေဘုယျ အားဖြင့် စွန့်ပစ်ထားသော၊ အသုံးမပြုတော့သော ဟောင်းနွမ်းပျက်စီးနေသည့် လျှပ်စစ် သို့မဟုတ် အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးကို ဆိုလိုပါသည်။

အဆိုပါပစ္စည်းများတွင် ဘက်ထရီဖြင့် အသုံးပြုရသော ကလေးကစားစရာများ၊ စွန့်ပစ်ထားသော ရုပ်မြင်သံကြားစက်များ၊ အသုံးမပြုတော့သည့် စမတ်ဖုန်းအဟောင်းများ၊ အသုံးဝင်မှု သက်တမ်း ကုန်ဆုံးသွားသော မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများ နှင့် ရေချိန်စက်များ စသည်တို့ ပါဝင်ပါသည်။ တစ်နည်းအားဖြင့် လက်ရှိသုံးစွဲသူအတွက် အဆင်မပြေဖြစ်စေသော၊ အသုံးပြု၍ မရတော့သော လျှပ်စစ်စွန့်ပစ်ပစ္စည်းများ ဖြစ်ပါသည်။

တချို့သော လျှပ်စစ် သို့မဟုတ် အီလက်ထရောနစ် အစိတ်အပိုင်းများ အမြဲတမ်းတပ်ဆင်ထားသော ပစ္စည်းများသည် ရုတ်တရက်ကြည့်လျှင် လျှပ်စစ်ပိုင်း ဆိုင်ရာပစ္စည်းကိရိယာများဟု မထင်ရသော်လည်း အမှန်စင်စစ် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ ဖြစ်သည်။ ဥပမာအားဖြင့် မီးလင်းသောအောက်ခံပါသည့် ဖိနပ်များ၊ လျှပ်စစ်ဖြင့် ချိန်ညှိနိုင်သော အိပ်ရာအောက်ခံပြားများနှင့် အတွင်းပိုင်းတွင် မီးအလင်းရောင် စနစ် တပ်ဆင်ထားသော ဗီရိုများ၊ အင်တင်နာများ၊ လျှပ်စစ်ကြိုးများ၊ အဒက်တာများ (adapters)၊ ပလပ်ပေါက်များနှင့် ပလပ်များ စသည်တို့ ပါဝင် ပါသည်။

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများတွင် ကြေးနီ၊ အလူမီနီယမ်၊ သံ၊ ရွှေ၊ ငွေ၊ ပလက်တီနမ်နှင့် ရှားပါးမြေဒြပ်စင်သတ္တုများကဲ့သို့ တန်ဖိုးရှိသော ပစ္စည်းများ ပါဝင်သကဲ့သို့ ခဲ၊ ပြဒါး၊ ကက်ဒမီယမ် (Cadmium)၊ ဟက်ဇာဗာလက် ခရိုမီယမ် (Hexava-lent Chromium) နှင့် တချို့သော အန္တရာယ်ရှိ ဓာတု ပစ္စည်းများလည်း ပါဝင်နိုင်ပါသည်။ ထို့ကြောင့် စနစ်တကျမစွန့်ပစ်ပါက ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ အောက်ဖော်ပြပါအတိုင်း ဖြစ်ပေါ်စေနိုင်ပါသည်-

၁။ မြေဆီလွှာညစ်ညမ်းမှု

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံများတွင် စုပုံစွန့်ပစ်ခြင်း သို့မဟုတ် မြေမြှုပ်ခြင်း ပြုလုပ်ပါက အတွင်းရှိလေးလံသော သတ္တုများနှင့် အန္တရာယ်ရှိ ဓာတုပစ္စည်းများက အချိန်ကြာလာသည်နှင့်အမျှ မြေဆီလွှာထဲသို့စိမ့်ဝင်နိုင်ပါသည်။ ဥပမာ- ခဲ၊ ပြဒါး၊ ကက်ဒမီယမ်၊ ခရိုမီယမ်တို့သည် မြေဆီလွှာ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ ထိုသို့ ညစ်ညမ်းသောမြေတွင် စိုက်ပျိုးသည့်သီးနှံများမှတစ်ဆင့် အဆိပ်အတောက်များသည် အစားအစာ ကွင်းဆက်အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။

၂။ ရေအရင်းအမြစ်များ ညစ်ညမ်းခြင်း

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများမှ အန္တရာယ်ရှိပစ္စည်းများသည် မိုးရေနှင့်အတူ မြေဆီ လွှာအတွင်းသို့ စိမ့်ဝင်ပြီး မြေအောက်ရေကို ညစ်ညမ်းစေနိုင်ပါသည်။ ထို့အပြင် အမှိုက်ပုံများမှ စီးဆင်းလာသော ရေဆိုးများသည် ချောင်း၊ မြစ်၊ ကန်များ အတွင်းသို့ ဝင်ရောက်နိုင်ပါသည်။ ဤသို့ဖြစ်ပေါ်ပါက မြေညစ်ညမ်းမှု၊ မြေအောက်ရေ ညစ်ညမ်းမှု၊ မြစ်/ချောင်း ညစ်ညမ်းမှုများဖြစ်ပေါ်ပြီး ရေနေသတ္တဝါများ ထိခိုက်မှုဟူသော သက်ရောက်မှု ကွင်းဆက်ဖြစ်ပေါ် နိုင်ပါသည်။

၃။ လေထုညစ်ညမ်းမှု

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချရန် စနစ်တကျနည်းလမ်း မသုံးဘဲ မီးရှို့ခြင်းသည် အလွန်အန္တရာယ်ရှိပါသည်။ ဥပမာ ပလတ်စတစ်နှင့် အီလက်ထရောနစ်အစိတ်အပိုင်း များကို မီးရှို့ပါက အဆိပ်အတောက်ရှိသော မီးခိုးများ၊ အလွန်သေးငယ်သည့် အမှုန်အမွှားများ(PM2.5)၊ လေးလံသောသတ္တု အမှုန်အမွှားများ (Heavy-metal particulates)၊ ဒိုင်အောက်ဆင်း (Dioxins)၊ ဖူရန်များ (Furans)နှင့် အခြားအန္တရာယ်ရှိသော ဓာတုပစ္စည်းများ ထွက်ရှိနိုင်ပြီး လေထုအရည်အသွေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။

၄။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအပေါ် သက်ရောက်မှု

မြေ၊ ရေနှင့် လေထုညစ်ညမ်းမှုများသည် ဂေဟစနစ်ကိုပါ ထိခိုက်စေနိုင်ပါသည်။ ဥပမာ လျှပ်စစ် စွန့်ပစ်ပစ္စည်းများ ညစ်ညမ်းမှုမှတစ်ဆင့် မြေ/ရေ ညစ်ညမ်းခြင်း၊ အပင်နှင့် အဏုဇီဝများ ထိခိုက်ခြင်း၊ အင်းဆက်နှင့် ရေနေသတ္တဝါများ ထိခိုက်ခြင်း၊ အစား အစာကွင်းဆက် ပြောင်းလဲခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းပျောက်ကွယ်ခြင်းများ နိုင်ပါသည်။ အထူးသဖြင့် ရေထဲသို့ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ ဝင်ရောက်ပါက ရေထုညစ်ညမ်းမှုဖြစ်ပြီး ငါးများနှင့် အခြားရေနေသတ္တဝါများတွင် အဆိုပါ ဓာတုပစ္စည်းများ စုပုံလာခြင်း (Bioaccu-mulation)နှင့် အဆိပ်အတောက်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပမာဏ အစာကွင်းဆက် တစ်လျှောက် ပိုမိုမြင့်မားလာခြင်း (Biomagnifi-cation) ဖြစ်ပေါ်နိုင်ပါသည်။

၅။ လူသားကျန်းမာရေးအပေါ် သွယ်ဝိုက် သက်ရောက်မှု

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကိုသာမက လူသားကျန်းမာ ရေးကိုပါ ထိခိုက်နိုင်ပါသည်။ အထူးသဖြင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ မကိုင်တွယ်ဘဲ ဖြိုခွဲခြင်း၊ မီးရှို့ခြင်း သို့မဟုတ် အန္တရာယ်ရှိသော နည်းလမ်းများဖြင့် ပြန်လည်ပြုပြင် အသုံးပြုရာတွင် အလုပ်သမားများနှင့် အနီးဝန်းကျင် နေထိုင်သူများအပေါ် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ သက်ရောက်နိုင်ပါသည်။

၆။ သဘာဝသယံဇာတများ ပိုမိုအသုံးပြုရခြင်း

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချခြင်းမပြုဘဲ စွန့်ပစ်လိုက်ပါက အတွင်းရှိ တန်ဖိုးရှိသောသတ္တုများကို ဆုံးရှုံးရပါသည်။ ဥပမာ မိုဘိုင်းဖုန်းများမှ ကြေးနီ၊ ရွှေ၊ ငွေ၊ အလူမီနီယမ်၊ မြေရှားဓာတ်သတ္တုများကို ပြန်လည်ရယူနိုင်ပါသည်။ ယင်းတို့ကို လျှပ်စစ်စွန့်ပစ်ပစ္စည်း များမှ ပြန်လည်မရယူပါက အီလက်ထရောနစ် ပစ္စည်းများအသစ် ထပ်မံထုတ်လုပ်ရန် သတ္တုတူးဖော် ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး သစ်တောပြုန်းတီးမှု၊ မြေဆီလွှာပျက်စီးမှု၊ ရေအသုံးများမှုနှင့် စွမ်းအင် သုံးစွဲမှုတို့ ပိုမိုမြင့်တက်လာနိုင်ပါသည်။

ပတ်လည်စီးပွားရေး၏ အခန်းကဏ္ဍ

လူဦးရေတိုးတက်လာမှု၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ နှစ်စဉ်နှစ်တိုင်း အီလက် ထရောနစ် ပစ္စည်းအသစ်များ ပိုမိုများပြားစွာ အသုံးပြုလာကြသည်။ ထို့အတူ တစ်နှစ်ပြီးတစ်နှစ် အီလက် ထရောနစ် စွန့်ပစ်ပစ္စည်းများပမာဏလည်း ပိုမိုတိုးပွားလာလျက်ရှိပါသည်။ အီလက်ထရောနစ် စွန့်ပစ် ပစ္စည်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများသာမက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လည်း အလျင်မြန်ဆုံး တိုးပွားလာနေ သော စွန့်ပစ်ပစ္စည်းအမျိုးအစား ဖြစ်သည်။ အသုံးမပြုတော့သော အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း များအဟောင်းများတွင် ရွှေ၊ ငွေ၊ ကြေးနီ၊ ကိုဘော့ (cobalt) နှင့် လစ်သီယမ်ကဲ့သို့သော တန်ဖိုးရှိသော ကုန်ကြမ်းအရင်းအမြစ်များ၊ အထူးသဖြင့် သတ္တုများ ပါဝင်လျက်ရှိသည်။

အဆိုပါတန်ဖိုးရှိသော ကုန်ကြမ်းများကို စွန့်ပစ်လိုက်မည့်အစား ပြန်လည်ရယူပြီး ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်းသို့ ပြန်လည်ထည့်သွင်းအသုံးပြုခြင်းသည် ပတ်လည်စီးပွားရေး (Circular Econo-my)၏ သဘောသဘာဝဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဘာဝသယံဇာတများကို ထုတ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ စွန့်ပစ်ခြင်း(Take-Make-Use-Dispose) စီးပွားရေးပုံစံအစား၊ ထုတ်ကုန်များနှင့် ကုန်ကြမ်းများကို တတ်နိုင်သမျှ အချိန်ကြာကြာ အသုံးပြုခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည် အသုံးချခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်းနှင့် ပြန်လည် အသုံးပြုနိုင်အောင် ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်းကို ဆောင်ရွက်သည့် စီးပွားရေးစနစ် ဖြစ်ပါသည်။

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စုဆောင်းခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်အသုံးချခြင်းစသည်ဖြင့် အန္တရာယ်ရှိပစ္စည်းများကို လုံခြုံစွာစီမံနိုင်သည်။ တန်ဖိုးရှိသော သတ္တုနှင့် ကုန်ကြမ်းများကို ထုတ်လုပ်မှုစက်ဝန်းအတွင်း ပြန်လည်ထည့်သွင်းခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်နိုင်သကဲ့သို့ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရန်၊ စွမ်းအင်အသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချရန်နှင့် ပတ်လည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အရေးကြီးသော နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ရှုမြင်နိုင်သကဲ့သို့ အခြားတစ်ဖက်ကလည်း ကုန်ကြမ်းများ ပြန်လည်ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ရှုမြင်ပြီး နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဖြင့် အကျိုးရှိစွာအသုံးချနိုင် ပါသည်။

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများထွက်ရှိမှု

အီလက်ထရောနစ်ပစ္စည်းများတွင် ပြန်လည် အသုံးချနိုင်သော တန်ဖိုးရှိသည့် ကုန်ကြမ်းအရင်း အမြစ်များ အမျိုးမျိုးပါဝင်ပါသည်။ Global E-waste Monitor 2024 အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ ထွက်ရှိမှုသည် တန်ချိန် ၆၂ သန်း ထွက်ရှိခဲ့ကြောင်းနှင့် စနစ်တကျစုဆောင်းခြင်း၊ ပြန်လည်ပြုပြင်အသုံးပြုမှုနှုန်းမှာ ၂၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် အချက်အလက်များအပေါ်အခြေခံ၍ တွက်ချက်ထားသော အာဆီယံဒေသတွင်း အီလက် ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ မူဝါဒနှင့်လက်တွေ့ လုပ်ဆောင်ချက်များဆိုင်ရာ ခြုံငုံသုံးသပ်ချက်အစီ ရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း အာဆီယံဒေသရှိ လူဦးရေ သန်း ၆၈၀ သည် အီလက်ထရောနစ်စွန့်ပစ် ပစ္စည်း တန်ချိန် ၄ ဒသမ ၄ သန်း တိတိကို ထုတ်လုပ်ခဲ့ကြပြီး အဆိုပါပမာဏသည် လူတစ်ဦးလျှင် နှစ်စဉ် စွန့်ပစ်ပစ္စည်း ထုတ်လုပ်မှုနှုန်းထား ပျမ်းမျှ ၆ ဒသမ ၄ ကီလိုဂရမ် ဖြစ်ပါသည်။

အာဆီယံနိုင်ငံများအနက် စင်ကာပူကဲ့သို့သော ဝင်ငွေမြင့်မားသည့် နိုင်ငံများသည် တစ်ဦးလျှင် တစ်နှစ် ၂၀ ဒသမ ၃ ကီလိုဂရမ်နှုန်းဖြင့် အများဆုံး ထုတ်လုပ်လျက်ရှိပြီး ဘရူနိုင်း (၁၉ ဒသမ ၉ ကီလို ဂရမ်) ဒုတိယအများဆုံးနှင့် မလေးရှား (၁၇ ဒသမ ၅ ကီလိုဂရမ်)တို့က တတိယအများဆုံး ထုတ်လုပ် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်နှစ်တာအတွင်း ထုတ်လုပ်သည့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း ပမာဏမှာ တစ်ဦးလျှင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ် ခန့်သာရှိပြီး ယင်းပမာဏသည် ဒေသတွင်း ပျမ်းမျှ ပမာဏဖြစ်သည့် ၆ ဒသမ ၄ ကီလိုဂရမ်ထက် များစွာ လျော့နည်းပါသည်။

အာဆီယံ ဒေသတစ်ဝန်းရှိ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို စနစ်တကျပြန်လည်အသုံးပြု မှုနှုန်းမှာ လက်တွေ့အားဖြင့် သုညရာခိုင်နှုန်းသာရှိပြီး ထွက်ရှိလာသော အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း စုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက် ပမာဏကိုသာ တရားဝင် သတ်မှတ်ထားသော လုပ်ငန်းစဉ်များမှ တစ်ဆင့် စနစ်တကျစုဆောင်းရယူလျက်ရှိပါသည်ဟု ဆိုပါသည်။

စနစ်တကျပြန်လည်အသုံးပြုခြင်း လုပ်ငန်းစဉ်များ

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချရာတွင် စက်ပိုင်းဆိုင်ရာ၊ အပူပေး ခြင်းဆိုင်ရာနှင့် ဓာတုဗေဒဆိုင်ရာလုပ်ငန်းစဉ်များကို အသုံးပြုကြရပါသည်။ တစ်နည်းအားဖြင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချခြင်း လုပ်ငန်းစဉ်အနေဖြင့် စက်ဖြင့် ကြိတ်ခွဲခြင်း၊ လက် ဖြင့် ရွေးချယ်ခြင်း၊ သံလိုက်ဖြင့် ခွဲထုတ်ခြင်း၊ စစ်ထုတ် ခြင်း၊ အလင်းရောင်နှင့် လေဖိအားခွဲခြားခြင်း၊ ဆေးကြောခြင်းနှင့် သတ္တုဗေဒဆိုင်ရာ လုပ်ငန်းစဉ်များကို ပေါင်းစပ်အသုံးပြု၍ သတ္တု၊ ပလတ်စတစ်နှင့် အခြားတန်ဖိုးရှိသော ကုန်ကြမ်းများကို ပြန်လည် ရယူအသုံးပြုကြရပါသည်။

သို့သော်လည်း အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ အများစုတွင် မတူညီသော ပစ္စည်းအမျိုးအစား များစွာ ပါဝင်ခြင်း၊ တချို့သောပစ္စည်းများမှာ အလွန်သေးငယ်သော ပမာဏသာ ပါဝင်လေ့ရှိခြင်း၊ တစ်ခု နှင့်တစ်ခု ခွဲထုတ်၍မရအောင် အခိုင်အမာချိတ်ဆက် တပ်ဆင်ထားခြင်းတို့ကြောင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကို ခွဲထုတ်၊ ရယူ၊ ပြန်လည် အသုံးချခြင်းသည် နည်းပညာပိုင်းနှင့် စီးပွားရေးပိုင်း အရ စိန်ခေါ်မှုများသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု

မြန်မာနိုင်ငံသည် ၆-၄-၂၀၁၅ ရက်နေ့တွင် ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ယင်းတို့၏ စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ် ကွန်ဗင်းရှင်း (Basel Convention) သို့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဘေးအန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းများကို တင်ပို့ခြင်းနှင့်ပတ်သက်၍ ဘာဆယ် ကွန်ဗင်းရှင်း သတ်မှတ်ချက်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ၇-၆-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇၄/၂၀၂၃)ကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် အခြား စွန့်ပစ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ယူ ပို့ဆောင်ခြင်းကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ခြင်းတို့ကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ သီးခြား စုဆောင်းစနစ် တည်ဆောက်ခြင်း၊ ပြန်လည် ပြုပြင် အသုံးပြုမှုမြှင့်တင်ခြင်း၊ တရားဝင် Recycling စက်ရုံများ ဖွံ့ဖြိုးစေခြင်း၊ ထုတ်လုပ်သူ တာဝန်ယူမှု ထုတ်လုပ်သူမှ တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည့် သတ်မှတ်ချက် (Extended Producer Responsibility - EPR) စနစ်များ ကျင့်သုံးခြင်းတို့အတွက် စနစ်တကျ စိစစ်ကြီးကြပ်လျက်ရှိပါသည်။

ပတ်လည်စီးပွားရေးစနစ် ဖွံ့ဖြိုးရေး

အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများသည် ကမ္ဘာတစ်ဝန်းတွင် အလျင်အမြန်တိုးပွားလာနေသော စွန့်ပစ်ပစ္စည်းအမျိုးအစားတစ်ရပ်ဖြစ်ပြီး စနစ်တကျ စီမံခန့်ခွဲမှုမရှိပါက လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများဖြစ်ပေါ် စေနိုင်ပါသည်။ သို့သော် အီလက်ထရောနစ်စွန့်ပစ် ပစ္စည်းများကို စနစ်တကျပြန်လည်အသုံးချခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သာမက သဘာဝအရင်းအမြစ်များကို ချွေတာနိုင်ရန်နှင့် ပတ်လည် စီးပွားရေးစနစ် ဖော်ဆောင်ရန်အတွက်လည်း အရေးကြီးသော အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။

ထို့ကြောင့် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများနှင့် ပြည်သူများအနေဖြင့် အီလက် ထရောနစ် စွန့်ပစ်ပစ္စည်းများ စုဆောင်းမှုစနစ်များကို ခိုင်မာစေရန်၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်မှုနည်းသော ပြန်လည်အသုံးချနည်းပညာများ ဖွံ့ဖြိုးစေရန်၊ ပြည်သူလူထုအသိပညာပေးရေးလုပ်ငန်းများ တိုးမြှင့်စေရန်နှင့် ထုတ်လုပ်သူများ အနေဖြင့် ထုတ်ကုန်သက်တမ်းတစ်လျှောက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ကြိုးစားဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်းဖြစ်ပေါ်မှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည် ပြုပြင်ထုတ်လုပ်အသုံးချခြင်းနှင့် သင့်လျော်စွာ စွန့်ပစ်ခြင်းတို့ကို စနစ်တကျပေါင်းစပ်ဆောင်ရွက် ခြင်းဖြင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပေါ်သော ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုး များကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ တန်ဖိုးရှိသော အရင်းအမြစ်များကို ပြန်လည်ရယူအသုံးချပြီး  ရေရှည်တည်တံ့သော စီးပွားရေးအခွင့် အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ။

ကိုးကား

International Telecommunication Union (ITU) & United Nations Institute for Training and Research (UNITAR), 2024. The Global E-waste Monitor 2024. Geneva and Bonn: ITU and UNITAR.

World Health Organization (WHO), 2021. Children and Digital Dumpsites: E-waste Exposure and Child Health. Geneva: World Health Organization.

Soudachanh, S., & Salhofer, S., 2025. E-waste in ASEAN: An overview of policies and practices. The 11th 3R International Scientific Conference on Material Cycles and Waste Management, Jeju Island, South Korea.