သန်းစိုးဝင်း (ပီအိပ်ချ်ဒီ)
အဂတိလိုက်စားမှုဆိုသည်မှာ “ယုံမှတ်အပ်နှံထားသည့် အခွင့်အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးခြင်း”ဖြစ်ပါသည်။
ပြည်သူ့တာဝန်
နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ်တိုင်လာဘ်မပေးရန် (ရှောင်ကြဉ်ခြင်း)၊ တွေ့ရှိပါက သတင်းပေးပို့တိုင်ကြားရန်နှင့် သက်သေအဖြစ်ထွက်ဆိုရန် (ပူးပေါင်းဆောင်ရွက်ခြင်း) အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေအရ တာဝန်ရှိပါသည်။
ထို့အပြင် နိုင်ငံသားတိုင်း၏ အဓိကတာဝန်များမှာ ပါဝင်ပတ်သက်မှုကိုငြင်းဆန်ခြင်း၊ သတင်းပို့ခြင်းနှင့် ဖော်ထုတ်ခြင်း၊ ပွင့်လင်းမြင်သာမှုကိုတောင်းဆိုခြင်းနှင့် ရိုးသားဖြောင့်မတ်သော ယဉ်ကျေးမှု တည်ဆောက်ခြင်းတို့ဖြစ်ကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ဖော်ပြချက်အရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုများ ရယူရာတွင် တံစိုးလက်ဆောင် သို့မဟုတ် လာဘ်ငွေတောင်းခံခြင်းခံရလျှင် ပြတ်သားစွာငြင်းဆန်ရန်၊ အဂတိလိုက်စားမှုကြုံတွေ့ရလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့မဟုတ် သက်ဆိုင်ရာသို့ သတင်းပေးပို့ရန်၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီး တာဝန်ယူမှုရှိရန်တောင်းဆိုရန်နှင့် မိမိ၏အခွင့်အရေးများ၊ တာဝန်များနှင့် အဂတိလိုက်စားမှု၏ ဆိုးကျိုးများကို မိမိကိုယ်တိုင်သိရှိနားလည်ပြီး ပတ်ဝန်းကျင်သို့ အသိပညာပေးရန် လိုအပ်ပါသည်။
အဂတိလိုက်စားမှုအမျိုးမျိုး
“အဂတိလိုက်စားမှု” ဟုဆိုလျှင် သာမန်အားဖြင့် လာဘ်ပေးလာဘ်ယူပြုလုပ်မှုကိုသာ ပြေးမြင်လေ့ရှိကြပေရာ အမှန်စင်စစ်အားဖြင့် သူ့ချည်းသာမက အခြားပုံစံအမျိုးမျိုးဖြင့်လည်း ဖြစ်ပွားလေ့ရှိပါသည်။ နိုင်ငံပိုင်ကဏ္ဍ၌ဖြစ်စေ၊ ပုဂ္ဂလိကကဏ္ဍ၌ဖြစ်စေ လာဘ်ပေးလာဘ်ယူပြု ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ အလွဲသုံးခြင်း၊ တရားမဝင်ကြွယ်ဝ ချမ်းသာခြင်း၊ ငွေကြေးခဝါချခြင်း၊ ဖုံးကွယ်ထားခြင်း၊ မတရားမှုပြုခြင်း အစရှိသည်တို့သည် အဂတိလိုက်စားမှုများဖြစ်ပါသည်။
အဂတိလိုက်စားခြင်းအကြောင်းရင်းများနှင့် ကုစားခြင်း
အဂတိလိုက်စားမှုကို အမှန်တကယ်ထိရောက်စွာ အရေးယူဆောင်ရွက်လိုပါက အဂတိလိုက်စားခြင်းအကြောင်းရင်းများကို ဦးစွာစိစစ်ဖော်ထုတ်ရန် အထူးလိုအပ်လှပါသည်။ ဥပမာအားဖြင့် ရောဂါတစ်ခုဖြစ်ပွားလျှင် ရောဂါ၏သွင်ပြင်လက္ခဏာများကို ကုစားရခြင်းမဟုတ်ဘဲ ယင်းလက္ခဏာများကိုဆန်းစစ်၍ ရောဂါ၏ရင်းမြစ်ကို ရှာဖွေကုစားရပါသည်။ ကျောက်ကပ်မကောင်းသဖြင့် ခြေလက်အင်္ဂါ များ ရောင်ရမ်းနေသည့်ကိစ္စ၌ အဆိုပါရောင်ရမ်းနေသည့် ခြေလက် အင်္ဂါများကို ဆေးလိမ်းရုံ၊ ဖြတ်တောက်ပစ်ရုံမျှဖြင့်မရနိုင်ဘဲ ရောဂါ၏ ရင်းမြစ်အစစ်အမှန်ဖြစ်သည့် မကောင်းသည့်ကျောက်ကပ်အား ကုသရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ခြေလက်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးရရုံသာရှိပြီး ရောဂါမှာ အမြစ်ပြတ်ပျောက်ကွယ်သွားမည် မဟုတ်ပေ။ အလားတူပင် အဂတိလိုက်စားမှုကို ကိုင်တွယ်ရာ၌ အဂတိလိုက်စားမှုများအား အရေးယူရုံမျှဖြင့် မလုံလောက်နိုင်ဘဲ အရင်းအမြစ်ဖြစ်သည့် အဂတိလိုက်စားခြင်း အကြောင်းရင်းများကို စိစစ်ဖော်ထုတ်၍ ကုစားသွားရမည်ဖြစ်ပါသည်။ သို့မှသာလျှင် အဂတိလိုက်စားမှုများ အမြစ်ပြတ်သွားနိုင်မည်ဖြစ်ပါသည်။
အဂတိလိုက်စားခြင်းအကြောင်းရင်းများနှင့် ကုစားခြင်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံတကာ၌ ယနေ့အထိ လက်ခံထားရှိသည့်အယူအဆ တစ်ရပ်မှာ “THE FRAUD TRIANGLE THEORY” ဖြစ်ပါသည်။ အဂတိလိုက်စားခြင်း အကြောင်းရင်းသုံးရပ်အား တြိဂံတစ်ခု၏ အနားသုံးခုအဖြစ် စံပြုပုံပြထားခြင်းဖြစ်ပါသည်။ အဆိုပါ အနားသုံးခုမှာ ဖိအား၊ အခွင့်အလမ်းနှင့် အကြောင်းပြချက်တို့ဖြစ်ပါသည်။ ဤတွင် ယင်းအဂတိလိုက်စားခြင်း အကြောင်းရင်းသုံးရပ်နှင့် ကုစားမှု အသီးသီးတို့အား အကျဉ်းချုပ်ကောက်နုတ်တင်ပြအပ်ပါသည်-
(က) ဖိအား
စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ဆိုင်ရာ ဖိအားများဖြစ်ပါသည်။ ဥပမာအားဖြင့် လုပ်ခ၊ လစာနှင့် မလုံလောက်သဖြင့် အဂတိလိုက်စားခြင်းဖြစ်ပါသည်။ ကုစားမှုအနေဖြင့် လုပ်ခ၊ လစာလုံလောက်အောင် စီမံပြုလုပ်ပေးခြင်းအားဖြင့် အဆိုပါဖိအားကို လျှော့ချပေးရမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံ၌ Public Service Division (PSD) anti-corruption salary model ခေါ် အဂတိလိုက်စားမှု ကာကွယ်နိုင်ရေးအတွက် အမြင့်ဆုံးလစာပေးသည့်စနစ်ကို ကျင့်သုံး စေလျက်ရှိပါသည်။
(ခ) အခွင့်အလမ်း
ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းစဉ်များ အစရှိသည်တို့၌ အားနည်းချက်များရှိပါက အဂတိလိုက်စားရန် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်ပါသည်။ ကုစားမှုအနေဖြင့် ယင်းအားနည်းချက်များအား အမြန်ဆုံးစိစစ်ဖော်ထုတ်ပြင်ဆင်၍ အဆိုပါအခွင့်အလမ်းကို တားဆီး ရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၌ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခြင်းမပြုမီ ဥပဒေမူကြမ်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (ACRC) သို့ ဦးစွာ တင်ပြရပါသည်။ ယင်းကော်မရှင်က အဆိုပါဥပဒေမူကြမ်းအပေါ်တွင် Corruption Risk Assessment (CRA) ခေါ် အဂတိလိုက်စားမှု ဆုံးရှုံးနိုင်ခြေများရှိ၊ မရှိ အသေးစိတ်ဆန်းစစ်မှုပြုလုပ်ပြီးမှသာလျှင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိပါသည်။
(ဂ) အကြောင်းပြချက်
“အများက အဂတိလိုက်စားသဖြင့် မိမိသည်လည်း အဂတိလိုက်စားခြင်းဖြစ်သည်”ဟူသည့် အကြောင်းပြချက်ဖြစ်ပါသည်။ ကုစားမှုအနေဖြင့် အဂတိလိုက်စားမှုအားလုံးကို ဘက်လိုက်မှုလုံးဝ မရှိဘဲ ပြင်းထန်စွာအရေးယူရန်ဖြစ်ပါသည်။ ဥပမာအားဖြင့် “Zero Tolerance Policy” ခေါ် ခြွင်းချက်မရှိ၊ လုံးဝသည်းခံခြင်းမပြုသည့် မူဝါဒအား ကျင့်သုံးရမည်ဖြစ်ပါသည်။
အဂတိလိုက်စားခြင်းအကြောင်းရင်းများနှင့် ကုစားခြင်းတို့နှင့် စပ်လျဉ်း၍ အထက်ပါအတိုင်း မူဝါဒများချမှတ်ဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏ လုပ်ငန်းသဘောသဘာဝအလိုက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပီပြင်စွာဖြင့် အမှန်အကောင်အထည်ဖော်ဆောင်ရွက်ရန် အထူးလိုအပ်လှပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ၌ လက်ခံကျင့်သုံးလျက်ရှိသည့် အလေ့အထများအား အခြေပြုလျက် မိမိတို့အနေအထားနှင့် ဆီလျော်အောင် စီမံ ဆောင်ရွက်နိုင်ပါသည်။
ဥပမာအားဖြင့် အခွန်အကောက်ဆိုင်ရာဌာနများနှင့်စပ်လျဉ်း၍ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ Tax Administration Diagnostic Assessment Tool (TADAT) ခေါ် အခွန်စီမံအုပ်ချုပ်မှုဆိုင်ရာအားနည်းချို့ယွင်းချက်ရှာဖွေစစ်ဆေးမှု လက်စွဲစာစောင်ပါ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။ ယင်းအရ ဌာနတစ်ခုအနေဖြင့် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေနိုင်ရေးအတွက် ဌာနတွင်းကြီးကြပ်မှုနှင့် ဌာနပြင်ပမှကြီးကြပ်မှုများအပြင် အများပြည်သူအမြင်နှင့် ပွင့်လင်းမြင်သာမှုကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
ထို့အပြင် သက်ဆိုင်ရာ ဥပဒေများအပေါ် အများပြည်သူ လွယ်လင့်တကူ ဆန္ဒအလျောက် လိုက်နာဆောင်ရွက်နိုင်ရေး အားပေးကူညီရန်လိုအပ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် သတင်းအချက်အလက်များ အလွယ်တကူရရှိနိုင်စေရန်၊ အထောက်အကူပြုရေး အစီအစဉ်များထားရှိရန်၊ လိုက်နာဆောင်ရွက်မှုစရိတ်များ (ပြည်သူ၏ ငွေကြေး၊ လုပ်အား၊ အချိန် စသည်ဖြင့်) လျှော့ချရန် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက် တစ်ရပ်မှာ သတင်းပေးပို့သူ အကာအကွယ်ပေးရေးဥပဒေ သို့မဟုတ် စနစ်တစ်ရပ်အား ကျနသေချာစွာနှင့်ခိုင်မာစွာ ပြဋ္ဌာန်း၍ ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပါသည်။ သတင်းပေးပို့သူအား ဆုချီးမြှင့်ခြင်းနှင့် လျှို့ဝှက်ထားပေးခြင်းပြုရုံသာမက တိုင်ကြားခြင်းခံရသူက လက်တုံ့ပြန်ခြင်းအန္တရာယ်မှ ခိုင်မာစွာအကာအကွယ်ပေးနိုင်မှသာလျှင် အများပြည်သူအနေဖြင့် အဂတိလိုက်စားမှုများနှင့် မတရားမှုများအား လုံခြုံစွာသတင်းပေးပို့နိုင်လျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
သို့ပါ၍ အဂတိလိုက်စားမှုကင်းစင်ပြီး သာယာဝပြောသည့် လူနေမှုအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရေးအလို့ငှာ အထက်ပါ အတိုင်း အများပြည်သူအမြင်နှင့် ပွင့်လင်းမြင်သာမှုကို အလေးထားလျက်၊ တာဝန်ကိုယ်စီကျေပွန်ကြလျက် “အဂတိလိုက်စားမှု ပပျောက်ဖို့ ပြည်သူနဲ့အတူ ကြိုးပမ်းစို့” ဟူ၍သာ တိုင်းပြည်နှင့် လူမျိုးအကျိုး မျှော်ကိုးလျက် ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား - PSD, Singpore TADAT, IMF ၊ Transparency International ၊ UNCAC ၊ UNODC


