ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ အုပ်စု (E) ဒုတိယနေ့ကို အောက်တိုဘာ ၂၁ ရက်ကသုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အုပ်စုပထမပွဲတွင် သရေကျခဲ့သည့် အိမ်ရှင်ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းသွင်းဂိုးများဖြင့် နိုင်ပွဲစတင်ရယူ နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အခွင့်အရေးပိုရှိလာပြီး ဘရူနိုင်းကလပ် ကာဆူကာအသင်းမှာမူ နှစ်ပွဲဆက်အရှုံးကြောင့် အုပ်စုအဆင့်မှ စောစီးစွာထွက်ခဲ့ရပြီ ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပထမပွဲတွင် ချေပဂိုးသွင်းယူ ခဲ့သည့် သက်ဝေမိုးကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် မိနစ် ၃၀ ကျော်မှ ဦးဆောင်ဂိုးရခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးကို ၃၄ မိနစ်တွင် ရိုဒရီက သွင်းယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၄၄ မိနစ် တွင် တိုက်စစ်မှူး အက်ဆင်ဂျူနီယာက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဂိုးထပ်မံရရှိရန် ကြိုးပမ်းသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် ဂိုးထပ်မရဘဲ ပထမပိုင်း ရလဒ်အတိုင်း ပြီးဆုံးခဲ့သည်။
ဒုတိယပွဲတွင် ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့် တရုတ်တိုင်ပေကလပ် နယူးတိုင်ပေဟန်ယွမ်အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ အုပ်စု (E) ဒုတိယနေ့အပြီးတွင် ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက လေးမှတ်စီ၊ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေဟန်ယွမ်အသင်းက နှစ်မှတ်ရထားပြီး ဘရူနိုင်းကလပ် ကာဆူကာအသင်းက အမှတ်မရသေးပေ။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့် နောက်တစ်ဆင့်တက်ရေး အဆုံးအဖြတ်ပွဲကစားရမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - M League


