အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် စက်တင်ဘာ ၁၉

နေပြည်တော်၌ကျင်းပခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် အသက် (၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ရန်ကုန်မြို့ လှိုင်မြို့နယ် ပါရမီလမ်းရှိ Family Music Land ခန်းမ၌ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး   ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌ  ဦးကြည်ဝင်းက   အောင်ပွဲရ  တိုင်းဒေသကြီး ကိုယ်စားပြုကစားသမားများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ပထမဆုရရှိသည့်အသင်းအား ရန်ကုန်တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းအား ဦးဘုန်းနိုင်(ခရိုင် စည်ပင်-ငြိမ်း)က လည်းကောင်း၊ တတိယဆု ရရှိသည့်အသင်းအား ဦးမင်းနောင်(ရွှေကမ္ဘာဆောက်လုပ်ရေး)က လည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အုပ်ချုပ်သူ/နည်းပြများအားလည်း ကော်မတီက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားသမားများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ သြဂုတ် ၂၄ ရက်မှ  စက်တင်ဘာ  ၂ ရက်အထိ   ကျင်းပခဲ့သည့်   အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုအဖြစ် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၅ ဦးတို့က အမျိုးသားနှစ်ယောက်တွဲ၊  အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲ၊  အမျိုးသမီးသုံးယောက်တွဲ၊  အမျိုးသား လေးယောက်တွဲ၊အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင်  ပထမဆု(ရွှေ)၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆု(ငွေ)ရရှိပြီး တံခွန်စိုက်ဆုကို ဆွတ်ခူးနိုင်ခဲ့ကာ အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတွင် တတိယဆု (ကြေး)ရရှိခဲ့ကြောင်း သိရသည်။

ကိုဌေး