အောင်မြင်တက်လှမ်း အခွင့်အလမ်းကောင်းများနှင့် လွှမ်းခြုံအောင်မြင် မြန်မာ-ဗီယက်နမ်ခရီးစဉ်

ကေဇက်ဟိန်း(PPIB)

ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ကို ရောက်ရှိခဲ့ပါပြီ။ ရေးဆွဲထားတဲ့ အစီအစဉ်များပြီးရင်တော့ အမိ မြန်မာနိုင်ငံကို ပြန်ရတော့မှာပါ။ ဒီနေ့မှာလည်း နိုင်ငံတော်အကြီးအကဲအနေနဲ့ နိုင်ငံအတွက်  ဘယ်လိုအခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးနိုင်ဦးမှာလဲ၊ စိတ်ဝင်စားစရာကောင်းပါတယ်။ ခရီးစဉ်ရဲ့ နေ့ရက်တွေကို ပြန်ကြည့်ရင် နိုင်ငံတော်အကြီးအကဲဟာ ရှိရင်းစွဲ နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့သလို ကဏ္ဍသစ်များအတွက် လည်း ကြိုးပမ်းဖော်ဆောင်နိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် တတိယမြောက်ရက်ကို လေ့လာကြည့်ရ အောင်ဗျာ။

ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများနှင့်တွေ့ဆုံ

အချိန်ကား ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၆ ရက် နေ့ ဒေသစံတော်ချိန်နံနက်ပိုင်းပင်။ နိုင်ငံတော် အကြီးအကဲနှင့်ဇနီးဦးဆောင်တဲ့ အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံခဲ့ပါ သေးတယ်။ တွေ့ဆုံရာမှာတော့ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ၏ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ခဲ့မှု၊ ဗီယက်နမ်သည် မြန်မာ အတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံအဖြစ် တည်ရှိနေမှု၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများတူညီနေမှု၊ အာဆီယံ ဒေသတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကောင်း များရှိနေမှုတွေကို ချပြရှင်းလင်းခဲ့တာကို တွေ့မြင်ရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာလည်း အောင်မြင်သောအထွေထွေရွေးကောက်ပွဲကတစ်ဆင့် ပေါ်ထွက်လာ သည့် လွှတ်တော်၊ အစိုးရတို့မှ နိုင်ငံ့အကျိုးကို ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဗီယက်နမ် နိုင်ငံရဲ့ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်နေမှုများအပေါ် အတုယူကြပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အမှန်တကယ် အလုပ်လုပ်ကြဖို့၊ နိုင်ငံရပ်ခြား မှာရောက်ရှိနေတာဖြစ်လို့ အချင်းချင်းစည်းလုံး ချစ်ခင်စွာနေထိုင်ပြီး တစ်ဦးနှင့်တစ်ဦးစောင့်ရှောက်ရင်း လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြဖို့ကိုလည်း တိုက်တွန်းမှာကြားခဲ့ပါသေးတယ်။ တွေ့ဆုံပွဲ အပြီးမှာတော့ နိုင်ငံတော်အကြီးအကဲဟာ မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်ကို ဆက်လက်တက်ရောက်ဖို့ အထူးယာဉ်တန်းနဲ့ခရီးဆက်ခဲ့ပါတော့တယ်။

ဗီယက်နမ် - မြန်မာ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီ

ဗီယက်နမ် - မြန်မာ စီးပွားရေးဖိုရမ်ပွဲကိုတော့ ဟနွိုင်းမြို့ Melia Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကိုတော့ နိုင်ငံတော်အကြီးအကဲနဲ့အတူ ခရီးစဉ်မှာလိုက်ပါလာတဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် H.E.Mr. Nguyen Van Thang ၊ ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E. Mr. Nguyen Duc Chi နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နာယကနဲ့အဖွဲ့ဝင်တွေ၊ မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးအသင်းများမှ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

ဒီဖိုရမ်မှတစ်ဆင့် ကျွန်တော်တို့ဘက်က ဘာတွေကမ်းလှမ်းနိုင်ခဲ့သလဲ၊ ဘယ်လိုအခွင့်အလမ်းတွေ ပိုင်ဆိုင်ခဲ့လဲဆိုတာကိုတော့ အကျဉ်းချုံးပြီး မျှဝေပေးလိုပါသေးတယ်။ ဗီယက်နမ်အစိုးရဘက်က အချက်(၅)ချက်ကို ဆွေးနွေးပါတယ်။ ဒါတွေကတော့ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်မှုနှင့် အပြန်အလှန်ပံ့ပိုးမှုများကို မြှင့်တင်သွားရန်၊ အတွေ့အကြုံများကို အပြန်အလှန်မျှဝေ၍ လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့သည့် စီးပွားရေး တိုးတက်မှုကို ဖော်ဆောင်သွားရန်၊ လက်ရှိပူးပေါင်း ဆောင်ရွက်နေသည့် အခန်းကဏ္ဍများကို ထိရောက်စွာ အသုံးချပြီး စီးပွားရေးလုပ်ငန်းများ၌ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွပူးပေါင်းဖြေရှင်းသွားရန်၊ ဗီယက်နမ်နှင့် မြန်မာစီးပွားရေး အခွင့်အလမ်းရှာဖွေရုံသာမက ယုံကြည်စိတ်ချရသော ရေရှည်မိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်သွားရန်ဆိုတဲ့ အချက် (၅)ချက်ကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။

မြန်မာ - ဗီယက်နမ်ကြားမှာ နိုင်ငံရေးနှင့် သံတမန်ရေး ကဏ္ဍတင်သာမက လုံခြုံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိပူးပေါင်း ဆောင်ရွက်မှုများကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်မှုကနေ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲစိန်ခေါ်မှုမြင့်မားတဲ့ ကာလတွေကြားမှာ ဒေသတွင်းအားကောင်းခိုင်မာစွာ ဆက်လက် ပူးပေါင်းလျက်ရှိမှုကို နိုင်ငံတော်အကြီးအကဲက ကနဦးချပြခဲ့ပါတယ်။ စီးပွားရေးရဲ့ ပင်မသော့ချက် ဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှကဏ္ဍကတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ယှဉ်တွဲတည်ဆောက် သွားနိုင်မှုကိုလည်း ချပြရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။

နိုင်ငံတော်အကြီးအကဲက နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားဖို့ ယုံကြည်ချက်ရှိနေတာကိုလည်း ဖိုရမ်မှာချပြခဲ့ပါ တယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတပိုင်ဆိုင်ထားမှုများ ကိုချပြခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုစက်ရုံများ တည်ထောင်မှုကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ ခရီးသွားလုပ်ငန်းနှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် အခြေခံအဆောက်အအုံများကဏ္ဍ၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်လိုမှုကဏ္ဍ စတာတွေကိုလည်း ချပြရှင်းလင်းကာ ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာမှာ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံရဲ့ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် စတဲ့ ပိုင်ဆိုင်ထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်များ ပိုင်ဆိုင်ထားမှု၊ မဟာမဲခေါင်စီးပွားရေးစင်္ကြံ၊ မြန်မာ - လာအို - ထိုင်း - ဗီယက်နမ်(ဒါနန်း) စီးပွားရေးစင်္ကြံများအပေါ်မှာ မြန်မာနိုင်ငံရဲ့အချက်အချာကျစွာ တည်ရှိနေမှုကို မဟာဗျူဟာမြောက်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည်ကို ပိုင်နိုင်စွာချပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကတော့ဒီဖိုရမ်ရဲ့ နှစ်ဖက်အကျိုး ရလဒ်များနဲ့ အနာဂတ် အခွင့်အလမ်းများပဲဖြစ်ပါ တယ်။

မြန်မာ - ဗီယက်နမ်ခရီးစဉ်၏ အကျိုးရလဒ်များ

ဒီခရီးစဉ်ဟာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄  ရက် ကနေ ၆ ရက်အထိ သုံးရက်ခန့် ကြာမြင့်ခဲ့တာပဲဖြစ် ပါတယ်။ ပထမတစ်ရက်မှာ ဗီယက်နမ်နိုင်ငံ ဟိုင်းဖောင်မြို့က လျှပ်စစ်မော်တော်ကား မော်တော် ဆိုင်ကယ်ထုတ်တဲ့ Vinfast ကုမ္ပဏီနဲ့ Viettel ဆက်သွယ်ရေးကုမ္ပဏီတွေကို သွားရောက်လေ့လာ ခဲ့တယ်။ ဒုတိယရက်မှာတော့ ဗီယက်နမ်နိုင်ငံသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှု အရှိန် အဟုန်မြှင့်တင်ရေးကနေ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နိုင်မှုများအတွက် ရင်းနှီးနွေးထွေးစွာ ဆွေးနွေးနိုင်ခဲ့တယ်။ တတိယရက်မှာတော့ နှစ်နိုင်ငံ စီးပွားရေးဖိုရမ်ပွဲကို တက်ရောက်ပြီး လက်ရှိပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများနဲ့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာတွေကို ချပြဆွေးနွေး ကမ်းလှမ်းခဲ့တာကို တွေ့ရတယ်။ ဒီတော့ ဒီခရီးစဉ်မှာ ပိုင်ဆိုင်ခဲ့တဲ့ အခွင့်အလမ်းကောင်းတွေနဲ့ အောင်မြင်မှုတွေကို ကျွန်တော်တို့အတူတူ လေ့လာကြည့်ရအောင်ပါ။

နှစ်နိုင်ငံအကြားမှာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ ကနဦးမြင်ကြရပါမယ်။ မြန်မာနိုင်ငံကို လာရောက်ကြမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ရင်းနှီးပွင့်လင်းစွာ ချပြနိုင်ခဲ့တယ်။ ဖိုရမ်ပွဲမှာတင်ပဲ ယခင်နိုင်ငံထဲက ထွက်ခွာသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပြန်လည်စိတ်ဝင်စားလာမှုကို ရရှိခဲ့တယ်။ ဒါဟာလည်း အရွေ့တစ်ခုပါပဲ။ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင်က ဓာတ်သတ္တုတူးဖော်ရေး စွမ်းအင်ကဏ္ဍစတဲ့ အခြားကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို အတိအလင်းချပြခဲ့တယ်။

ခရီးစဉ်ရဲ့ အဓိကအောင်မြင်မှုသော့ချက်ကတော့ ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အာဆီယံဒေသတွင်းကတစ်ဆင့် ကမ္ဘာ့မျက်နှာစာထိအပြန်အလှန် ထောက်ပံ့ကူညီအားပေးမှုများ ဆောင်ရွက်သွားနိုင်ဖို့ သဘောတူညီနိုင်ခဲ့ခြင်း၊ စီးပွားရေးအခွင့်အလမ်းကောင်းများ ဖော်ဆောင်နိုင်ခဲ့ခြင်းနှင့် သံတမန်ဆက်ဆံရေးကောင်းတစ်ခု ခိုင်မာစေခဲ့ခြင်းဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှသည် အမိမြန်မာပြည်သို့

နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ ဟနွိုင်းမြို့ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပါပြီ။ လေဆိပ်မှာတော့ နှစ်နိုင်ငံအလံများကို လွှင့်ထူထားပြီး ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ အမိမြေပြန်မယ့်ခရီးကို နှုတ်ဆက်ဂုဏ်ပြုလျက်ရှိပါတယ်။

နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟို ကော်မတီအဖွဲ့ဝင် သမ္မတရုံးဝန်ကြီး မစ္စတာ လဲခိုင်ဟိုင်ဦးဆောင်တဲ့ အဆင့်မြင့်အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) စစ်သံမှူး နှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ ကြည်လင်တဲ့ ထက်အာကာရဲ့ လွှမ်းခြုံထားမှုအောက်မှာ နွေးထွေးတဲ့ နေရောင်ခြည်များနဲ့အတူ အပြုံးကိုယ်စီတောက်ပနေတဲ့ မြင်ကွင်းများဟာ ခရီးစဉ်ရဲ့အောင်မြင်မှုပြယုဂ်၊ နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မာအားကောင်းမှုများကို ထင်ဟပ်ပြသနေသလိုခံစားမိပါတယ်။ ဒီလိုနဲ့ အထူးလေယာဉ်ဟာ ဟနွိုင်းမြို့ကိုကျောခိုင်းရင်း အမိမြန်မာပြည်သို့ ဦးတည်ပျံသန်းခဲ့ပါတော့တယ်။

မြန်မာစံတော်ချိန် ညနေပိုင်းမှာတော့ နိုင်ငံတော် အကြီးအကဲနှင့်ဇနီး ဦးဆောင်တဲ့ အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ နေပြည်တော် လေဆိပ်မှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံက မကြာခင် ပြန်ရောက်ရှိလာတဲ့ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ဒီခရီးစဉ်ကို ကြည့်မယ်ဆိုရင် နှစ်နိုင်ငံ အကြီးအကဲချင်းသာမက အကြီးအကဲ နှစ်ဦးရဲ့ဇနီးချင်းပါ ရင်းနှီးချစ်ကြည်မှုရရှိခဲ့တာမို့ ခရီးစဉ်ဟာ ဖြူစင်ရိုးရှင်းမှု၊ ရင်းနှီးနွေးထွေးမှုများနဲ့ ထုံမွမ်းထားသလိုပါပဲ။ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုရမှာပါဗျာ။ နှစ်နိုင်ငံ အကျိုးရလဒ်များအပြင် မိမိနိုင်ငံအတွက်လည်း အောင်မြင်တက်လှမ်း အခွင့်အလမ်းကောင်းများနှင့် လွှမ်းခြုံအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါကြောင်း စာစီမှုန်းလို့ မျှဝေပေးလိုက်ရပါတော့တယ်ဗျာ။ ။