အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ ဧပြီ ၂၁ ရက်တွင် ထိုးသတ်မည်

ရန်ကုန် ၂၈ ဇန်နဝါရီ

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့၏ ONE မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲကို ဧပြီ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည့် အောင်လအန်ဆန်အတွက် ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန်အတွက် ပထမခြေလှမ်းအဖြစ် ဗစ်တာလီဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်သည် ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်ပြီး သုံးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အပြန်အလှန်အနိုင်ရထားပြီး အောင်လအန်ဆန်သည် ဘစ်ဒက်ရှ်နှင့် ဒုတိယအကြိမ် တွေ့ဆုံသည့်ပွဲတွင် အမှတ်ဖြင့်အနိုင်ရကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၂၀ အောက်တိုဘာလက ထိုးသတ်သည့်ပွဲတွင် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ပွဲမှ အနိုင်ရသူမှာ ဒီရစ်ဒါအား စိန်ခေါ်ထိုးသတ်ခွင့် ရဖွယ်ရှိနေသည်။

ONE Championship သည် ဧပြီတွင် ပြိုင်ပွဲလေးခုကျင်းပရန် စီစဉ်ထားပြီး ဧပြီ ၇၊ ၁၄၊ ၂၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲများနှင့် နာမည်ကြီးကစားသမားများ၏ စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်ပြီး ဧပြီ ၂၁ ရက်တွင် ပြုလုပ်မည့် ONE ON TNT III အမည်ရပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်သည်။

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- ဖိုးသော်ဇင်