မုံရွာ အောက်တိုဘာ ၂၈
အစိုးရနည်းပညာတက္ကသိုလ် (စစ်ကိုင်း) စာသင်ဆောင်များ၊ လက်တွေ့အလုပ်ရုံ အဆောက်အအုံများ၊ တက္ကသိုလ် စာကြည့်တိုက်ရှိ ပရိဘောဂပစ္စည်းများနှင့် စာအုပ်စာစောင်များ စနစ်တကျ ခင်းကျင်းထားရှိမှုများနှင့် ကွန်ပျူတာအသုံးပြု လက်တွေ့အခန်းတို့ကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှင်းလင်းတင်ပြ
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများသည် အစိုးရနည်းပညာတက္ကသိုလ် (စစ်ကိုင်း) အစည်းအဝေးခန်းမ၌ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်က ကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ၊ ပညာသင်နှစ်အလိုက် သင်ကြားရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် စာသင်ဆောင်၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ ပြင်ဆင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာသင်နှစ်အလိုက် ကျောင်းသားဦးရေ အပ်နှံမှုအတိုင်း သင်ကြားသွားရေး၊ စာသင်ဆောင်များ၊ လက်တွေ့ အလုပ်ရုံ ပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ သင်ထောက်ကူပြုပစ္စည်းများကို အမှန်တကယ် လက်တွေ့အသုံးချကာ ကျောင်းသား ကျောင်းသူများအတွက် အကျိုးရှိစွာ သင်ကြားသွားရေး၊ ကျောင်းဆောင် အဆောက်အအုံများနှင့် ဝန်ထမ်းနေအိမ်များ ပြင်ဆင်တည်ဆောက်နေမှု လုပ်ငန်းများ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ စီမံ၊ အုပ်ချုပ်၊ သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


