အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ

ဆေးရုံတွေ သွားရင် ဘေးနံရိုးမှာ ပိုက်တန်းလန်းနဲ့ အောက်က ဘူးလေးနဲ့ ကိုင်ထားတဲ့သူတွေကို မြင်ဖူးကြမှာပါ။ ဒါက အဆုတ်ထဲကို ပိုက်ထည့်ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အသည်းယားစရာ ကောင်းတယ်လို့ ထင်ပေမယ့် ဒါဟာလည်း ကုသနည်းတစ်ခုပါပဲ။ သူတို့တွေ ဘာကြောင့် ပိုက်တန်းလန်းနဲ့ နေရတာလဲ။ ပိုက်ထည့်ထားတဲ့ လူနာတွေကို ဘာဂရုစိုက်ပေးရမလဲဆိုတာ ဆက်ပြောပြပါမယ်။

 

အဆုတ်ထဲကို ဘာလို့ ပိုက်ထည့်ရတာလဲ

 

အဆုတ်ထဲလို့ ပြောပေမယ့် တကယ်တော့ လူတွေ သိဖူး၊ မြင်ဖူးတဲ့ အဆုတ်ထဲကို ထည့်တာ မဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာ အမြှေးပါးလေး နှစ်ခုရှိပါတယ်။ အဆုတ်မှာ ဒဏ်ရာရလို့ ဖြစ်ဖြစ်၊ ရောဂါရလို့ဖြစ်ဖြစ် လေတွေ၊ သွေးတွေ၊ အရည်တွေက ဒီအမြှေးပါးလေး နှစ်လွှာ ကြားထဲကို ရောက်သွားပါတယ်။ ဒါတွေကို အပြင်ထုတ်ဖို့ ဒီအမြှေးပါး နှစ်လွှာကြားထဲကို ပိုက်ထည့်တာပါ။ ဒီလို မထည့်ရင် အမြှေးပါးထဲမှာ တဖြည်းဖြည်း ပြည့်လာပြီး အဆုတ်ကို ဖိရင် အသက်ကောင်းကောင်း ရှူလို့ရမှာ မဟုတ်ပါဘူး။

 

ဘယ်လိုအခြေအနေမျိုးမှာ အဆုတ်ထဲပိုက်ထည့်ရသလဲ။

 

•           အဆုတ်ကို ထိခိုက်ဒဏ်ရာရပြီး အမြှေးပါးထဲကို သွေး ဒါမှမဟုတ် လေတွေ ပြည့်လာတဲ့အခါ

•           အဆုတ်ကို ခွဲစိတ်မှု လုပ်ပြီးတဲ့အခါမှာ

•           အဆုတ်ထဲရေဝင်တဲ့အခါမှာ

•           အဆုတ်ထဲမှာ ပြည်တွေ ရှိနေတဲ့အခါ ပိုက်ထည့်ရတတ်ပါတယ်။

ဘယ်လိုထည့်တာလဲ။

 

အဆုတ်ထဲပိုက်ထည့်ဖို့ ခွဲခန်းထဲ ဝင်စရာ မလိုပါဘူး။ ပိုးသတ်ထားတဲ့ သန့်စင်တဲ့ နေရာဆို ရပါတယ်

 

•           မထည့်ခင်မှာ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး ထည့်ရမယ့် နေရာကို ခန့်မှန်းပါတယ်။

•           ဘေးနံကြားကနေ ပိုက်ကို ထည့်ပါတယ်။

•           အရင်ဆုံး ထည့်မယ့်နေရာကို ပိုးမဝင်အောင် သန့်ရှင်းရေး လုပ်ပါတယ်။

•           လူနာ မနာအောင် မထည့်ခင်မှာ ထုံဆေးထိုးပါတယ်။ လိုအပ်ရင် စိတ်ငြိမ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ ပေးထားပါတယ်။

•           ထုံသွားပြီး နာတာကို မသိတော့ဘူးဆိုရင် ထည့်ရမယ့် နေရာကို  ဓားရာလေး ပေးပါတယ်။

•           ပြီးရင် ပိုက်ကို ဖြည်းဖြည်းချင်းထည့်ပါတယ်။ အောက်မှာ ပိုက်နဲ့ ဘူးနဲ့ ဆက်ထားပါတယ်။

•           လိုချင်တဲ့ နေရာရောက်ပြီဆိုရင် ပိုက်နဲ့ အရေပြားနဲ့ကို ချုပ်ကြိုးနဲ့ တွဲချုပ်ထားပါတယ်။ နေရာ မရွေ့အောင်နဲ့ ပိုက်ပြန်မထွက်လာနိုင်အောင်ပါ။

•           ပြီးရင် အနေအထားမှန်မမှန် ရင်ဘတ်ဓာတ်မှန် ပြန်ရိုက်ပါတယ်။

•           ဒီလို ပိုက်ထည့်တာက မိနစ်ပိုင်းလောက်ပဲ ကြာပြီး များသောအားဖြင့် အသက်အန္တရာယ် မရှိပါဘူး။

 

ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်လဲ

 

ဘေးထွက်ဆိုးကျိုးတွေကတော့

 

•           ပိုက်ထည့်ထားတဲ့နေရာကနေ သွေးထွက်တာ၊ ပိုးဝင်တာ

•           နေရာမှားထည့်တာ (အဆုတ်အမြှေးပါးထဲထိ မရောက်ဘဲ ကြားထဲက တစ်ရှူးတွေ၊ အဆီပြင်တွေထဲ ရောက်နေတာ)

•           မတော်တဆ အဆုတ်ကို ထိုးမိတာ

•           မတော်တဆ ဘေးနားက အင်္ဂါတွေ (ဘေလုံး၊ အသည်း)ကို ထိုးမိတာတွေ ဖြစ်တတ်ပါတယ်။

 

ဘာတွေ သတိထားရမလဲ

 

အဆုတ်ထဲ ပိုက်ထည့်ထားတယ်ဆိုရင် ပိုက်ကနေ လေတွေ စိမ့်ထွက်သလား၊ အသက်ရှူလို့ အဆင်ပြေသလား၊ အောက်ဆီဂျင်လိုသလား စတာတွေကို ဂရုစိုက်ပေးမှာပါ။ ပိုက်နေရာရွေ့သွားသလား၊ အောက်မှာ ဆက်ထားတဲ့ ဘူးကနေ ကျွတ်ထွက်သွားသလား စတာတွေကိုလည်း သတိထားရမှာပါ။

 

ပိုက်ထည့်ထားတယ်ဆိုပေမယ့် လူနာအနေနဲ့ ငြိမ်ငြိမ်လေး လှဲနေစရာ မလိုပါဘူး။ မတ်တပ်ရပ်လို့ရတယ်။ လမ်းလျှောက်လို့ရတယ်။ ထိုင်လို့ရပါတယ်။ ပိုက်မပြုတ်ထွက်ရင် ရပါပြီ။

 

ပိုက်ထည့်ထားတဲ့အချိန်မှာ

 

•           မကြာခဏ ချောင်းဟန့်တာ

•           အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်တာတွေ လုပ်ရပါမယ်။

•           ပိုက်ခေါက်မနေအောင် သတိထားပါ။

•           ပိုက်နဲ့ဆက်ထားတဲ့ဘူးကို အဆုတ်ထက် နိမ့်တဲ့နေရာမှာ ထားပါ။

 

ဒါမှ အဆုတ်ထဲက အရည်တွေ၊ လေတွေ မြန်မြန်ထွက်မှာပါ။ အဆုတ်လည်း ကောင်းကောင်း ပြန့်ကားနိုင်တာကြောင့် မြန်မြန်သက်သာမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက သင်ပေးပါလိမ့်မယ်။

 

ပိုက်ထည့်ထားရင်းနဲ့

 

•           ပိုက်က ရုတ်တရက် ပြုတ်ထွက်လာရင်

•           ပိုက်ကရှည်ထွက်လာရင်၊ နေရာရွေ့သွားရင်

•           ထည့်ထားတဲ့နေရာက နာလာရင်

•           အသက်ရှူရခက်လာရင် ဆရာဝန်ကို ချက်ချင်း အကြောင်းကြားသင့်ပါတယ်။

 

အဆုတ်ထဲပိုက်ထည့်တယ်ဆိုတာ ဆေးကုသနည်း တစ်မျိုးပါပဲ။ ပိုက်က အဆုတ်ထဲက လေတွေ၊ အရည်တွေ ကုန်သွားရင် ဖြုတ်ပြီး ဆေးရုံက ဆင်းလို့ရပါပြီ။ တချို့ကလည်း ပိုက်တန်းလန်းနဲ့ ဆေးရုံက ဆင်းသွားပြီး ရက်ချိန်း ပြန်လာပြတာမျိုး ရှိပါတယ်။ သက်သာရင်တော့ ဖြုတ်ရမှာပါ။

 

လိုရင်းကတော့ အဆုတ်ထဲပိုက်ထည့်တာက ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးကုသနည်းဖြစ်တဲ့အတွက် သိပ်မကြောက်ဖို့ အားပေးချင်တာပဲ ဖြစ်ပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

 ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”