အဆုံးစွန်ထိအန္တရာယ်ပြုနိုင်သည့် အတုများ

ယေဘုယျအားဖြင့် အစစ်အမှန်တို့ တန်ဖိုးကြီးသည်နှင့်အမျှ အတုအယောင်တို့ပေါပေါများများ ပေါ်ပေါက်လာလေ့ ရှိသည်မှာ စက်ဆုပ်ဖွယ်လောကသဘာဝဟု ဆိုရမည်။

 

စိန်ရွှေ ကျောက်မျက်ရတနာအတု၊ ငွေစက္ကူအတုကအစ၊ လူတို့၏ အသုံးအဆောင်ပစ္စည်းအတုများ၊ အစားအသောက်နှင့် အဖျော်ယမကာအတုများ၊ ကျန်းမာရေးဆိုင်ရာဆေးဝါးအတုများ၊ ကုန်အမှတ်တံဆိပ်အတု၊ အနုပညာရှင်တို့၏ အနုပညာလက်ရာအတုများ၊ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်တို့၏ ဉာဏပစ္စည်း အတုများ စသည်ဖြင့် လောကထဲရှိရှိသမျှကို အတုအပထုတ်လုပ်သူများရှိနေသည်ဟုပင် ဆိုရလောက်၏။ သည်လိုထဲတွင် မှတ်ပုံတင်အတု၊ ဘဏ်ငွေထုတ်လက်မှတ်အတု၊ စာချုပ်စာတမ်းအတု၊ ပိုင်ဆိုင်မှုအတုတို့ကလည်း မနည်းလှ။ ရာသီစာဖြစ်သည့် ခရီးသွားနိုင်ရေးအတွက် ကိုဗစ်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာအတုဟူ၍လည်း ရှိသည်တဲ့။

 

နည်းပညာတိုးတက်ထွန်းကားလာမှုနှင့် ယှဉ်တွဲပေါ်ပေါက်လာသည့် လူမှုကွန်ရက်စာမျက်နှာအတု၊ မီဒီယာအတု၊ သတင်းအတု၊ ကြေညာချက်အတု စသည် စသည်ကလည်းမနည်း။

 

အမှန်တော့၊ လူအများ တန်ဖိုးထားကြ၊ ယုံကြည်လေးစားကြသည့်သူများ၊ အမှတ်တံဆိပ်များ၊ ကုန်ပစ္စည်းများတို့ကို တုပခြင်းဖြင့် အများပြည်သူကို လိမ်ညာလှည့်ဖြားခြင်းဖြစ်၏။ လူအထင်ကြီးစေရန်၊ ငွေကြေးမြတ်စွန်း စီးပွားတိုးရန် စသည့်ကိုယ်ကျိုးစီးပွား လောဘဇောပေါ်တွင် အခြေခံသည်ဟု ဆိုရပါမည်။

 

သူတို့၏လူအထင်ကြီးခံလိုမှု၊ ကိုယ်ကျိုးစီးပွားလောဘဇောတို့အတွက် အတုအပပြုလုပ်ခြင်းတို့က လူအများကို မည်မျှလောက် ဒုက္ခရောက်စေသည်၊ လောကကို မည်မျှလောက်အကျည်းတန်သွားစေသည် ဆိုခြင်းကိုမူ အတုပြုသူတို့ အနည်းငယ်မှ စောကြောမိဟန်မတူ။ သို့မဟုတ် စောကြောလိုစိတ်လည်းရှိဟန်မတူ။ သို့မဟုတ် လောဘသက္ကာယဟူသည့် မိမိအကျိုးငှာ လွန်ကဲသောလိုချင်တောင့်တမှုက ကြီးမားလွန်းနေသည့်အတွက် အခြားဘာကိုမှမမြင်။ ဘာကိုမှမသိချင်သည်လည်း ဖြစ်နိုင်သည်။

 

မကြာသေးမီက သတင်းများတွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည်အတုများ ပြုလုပ်နေ သည်ကို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်ကို တွေ့ရ၏။ ဘာတွေရောပြီး ဘာတွေနှင့် ပြုလုပ်နေသည်မသိ။ သောက်သုံးမိသူများကို မည်မျှလောက်အန္တရာယ်ပြုမည်မသိ။

 

အတုများထဲတွင် အစားသောက်နှင့် ဆေးဝါးအတုပြုလုပ်သူတို့မှာ အကုသိုလ်အကြီးဆုံး ဖြစ်မည်ဟုထင်၏။ ဆေးဝါးများဆိုလျှင် မည်သည့်အာနိသင်မှမရှိသော ဆေးဝါးအတုများက တစ်မျိုး၊ အခြားဆေးဝါးများနှင့် ဖလှယ်ပြုလုပ်သည့် အတုကတစ်မျိုး၊ မူရင်းဆေးဝါး၏ အာနိသင်ကိုလျှော့ပေါ့ကာ အဆပွားသည့်အတုကတစ်မျိုး စသည် ဖြင့် မျိုးစုံလှသည်။ ပြုသမျှအတုသည် လူသတ်မှုကျူးလွန်နေခြင်းသာတည်း။

 

ရောဂါဝေဒနာခံစားနေရသော လူနာများမှာဆေးဝါးတို့ကို အားကိုးတကြီး အမိအရ ဝယ်ယူသုံးစွဲနေရသည်များ ဖြစ်၏။ ဘ၀အတွက် ကောက်ရိုးတစ်မျှင်လို ဆွဲယူသိမ်းငင် သုံးစွဲကြသူများကို ဆေးဝါးအတုများက ကတွတ်ပေါက်ဝကစောင့်သည့်ဗျိုင်းလို ကောက်ကာငင်ကာ စားပါတော့သည်။ ငွေလည်းကုန်ရ၊ ရောဂါလည်း မသက်သာ၊ သည်လိုနှင့် အသက်စွန့်ရသူများ မည်မျှလောက်ရှိနေပြီလဲ မသိနိုင်ပြီ။ သည်လိုလူနာများကို ကယ်တင်နိုင်ရေးအတွက် တာဝန်ရှိသူတို့ အလေးအနက်ထား စဉ်းစားသင့်ကြပြီ။ မြန်မာနိုင်ငံ၏ ဆေးဝါးဈေးကွက်မှာ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုကို အားပြုနေ ရသည်ဖြစ်ရကား အတုများသည်လည်း ထိုလမ်းကပင် ဝင်လာသည်လော၊ ပြည်တွင်းမှာပင် ထုတ်လုပ်နေကြပြီလောဆိုသည်ကို စေ့ငုသင့်ပြီ။ စုံစမ်းစစ်ဆေးအရေးယူရန် အားထုတ်သင့်ကြပြီ။

 

ယခုလည်း ကိုဗစ်ကာကွယ်ဆေးတဲ့။ ကိုဗစ်ကုသဆေးတဲ့။ ကိုဗစ်ကပ်ရောဂါကို အမှီပြုကာအတုပြုလုပ်သူ လောဘသားများက စတင်လာကြပြီ။ တာဝန်ရှိသူတို့အလေးတမူ အရေးတယူပြုကြပါမှ လူတို့၏အသက်ကို ကယ်တင်နိုင်မည်ဟု မြင်ပါသည်။

 

သည်လိုထဲတွင် လူအတုများကိုလည်း တွေ့ရသည်။ သံဃာအတု၊ ဆရာဝန်အတု၊ ဗိသုကာအတု၊ အင်ဂျင်နီယာအတု တို့၏ သတင်းများကိုလည်း ဟိုမှာသည်မှာ ကြားနေရသည်။ အင်ဂျင်နီယာအတု တစ်ဦးဆိုလျှင် အင်ဂျင်နီယာ ကောင်စီကဲ့သို့သော အရေးကြီးသည့် အဖွဲ့အစည်းကြီးအထိ ဝင်ရောက်ခြယ်လှယ်သွားသည်ဟု ကြားမိသေးသည်။

 

တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်ဟူသည့် ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင်ဟစ်ရင်း ကိုယ်ကျိုးကိုသာ ဦးစားပေးပြီး ပြည်သူလူထုအကျိုးကို မငဲ့ကွက်သည့် နိုင်ငံရေးသမားအတုများကိုလည်း ပြည်သူလူထုက သတိထားကြရန် လိုပါမည့်အကြောင်း။   

မြန်မာ့အလင်း