အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် မြန်မာနိုင်ငံတက္ကသိုလ်များတွင် သုတေသနပြုလုပ်ခြင်း

ဒေါက်တာမျိုးကြွယ် (NEPC)

 

ဒုတိယအကြိမ် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ (Myanmar University Research Conference) ကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေရာကိုးနေရာ (ဘာသာရပ် ကိုးခု) ဝိဇ္ဇာပညာ၊ သိပ္ပံပညာ၊ အင်ဂျင်နီယာနှင့် နည်းပညာရပ်များ၊ ကွန်ပျူတာပညာရပ်၊ စီးပွားရေးပညာရပ်၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်၊ ဘာသာစကားယဉ်ကျေးမှုနှင့် အနုပညာရပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်၊ ဆရာအတတ်ပညာရပ်များအတွက် အွန်လိုင်း၊ အဝေးမှ အင်တာနက်စနစ်ဖြင့်  (Online, Virtual, Tele-Conference, Webinar System) ကျင်းပနေပါသည်။ ယခင်နှစ် ၂၀၁၉ ဆောင်ပုဒ်မှာ “National Building Through Quality Research and Innovation” ဖြစ်ပြီး ယခုနှစ် ၂၀၂၀ ညီလာခံအတွက် အဓိကဆိုလိုရင်းဆောင်ပုဒ် (Conference Theme) မှာ အရည်အသွေး အခြေပြုသုတေသနမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ “Quality Research towards Prosperity of the Nation” ဖြစ်ပါသည်။ သုတေသနစကားဝိုင်းများလည်း ဆွေးနွေးမည် ဖြစ်ပါသည်။

 

၂၅-၆-၂၀၂၀ ရက်တွင် ကျင်းပသော သုတေသနညီလာခံ ဖွင့်ပွဲနေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ဟောပြောသူများအဖြစ် အမေရိကန်နိုင်ငံရှိ နာဆာ (NASA) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာဦးပဒေသာတင်က ‘သုတေသန အရေးပါမှုနှင့် မြန်မာနိုင်ငံတက္ကသိုလ်များ၏ အခန်းကဏ္ဍ’ ဟူ၍ ဟောပြောရာတွင် အောက်ဖော်ပြပါ -

 

 (က) ကမ္ဘာနှင့် ရင်ပေါင်တန်း၍ ပြည်သူပြည်သားတိုင်း လူမှုအဆင့်အတန်း မြင့်မားစွာဖြင့် ပျော်ရွှင်စွာ နေထိုင်ရေး။ ။

 

(ခ) တိုင်းပြည်အချုပ်အခြာအာဏာ တည်မြဲရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေနိုင်ရေး။

 

(ဂ) နိုင်ငံသားတိုင်း ကျန်းမာစွာနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေး။

 

(ဃ) အနာဂတ် အမိမြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး သားစဉ်မျိုးဆက် တစ်လျှောက်လုံး ပိုမိုကောင်းမွန်သော လူမှုအဆင့်အတန်းရရှိရန်နှင့် အခွင့်အလမ်းကောင်းများရရှိရန် စသည့်အချက်များကြောင့် သုတေသနသည် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးပါလှကြောင်းကို ပြောကြားသွားပါသည်။ ထို့အပြင် သုတေသီကောင်း (Good Researcher) တစ်ယောက်၏ အရည်အချင်းမှာ -

 

(၁) ပညာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှု၊

 

(၂) အခြေခံအောက်သက်ကျေရန် လိုအပ်မှု၊

 

(၃) မိမိသက်ဆိုင်ရာ ဘာသာရပ်အပြင် အခြားဘာသာရပ်များကို ဆည်းပူးလေ့လာသင့်မှု၊

 

(၄) ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှု၊

 

(၅) နိုင်ငံခြားဘာသာ ရေး၊ ဖတ်ကျွမ်းကျင်မှု၊

 

(၆) စာသင်ကြားတတ်မှု၊

 

(၇) သုတေသနသည် အစစ်အမှန် (authentic) ဖြစ်ရပါမည်ဟူ၍လည်းကောင်း ဟောပြောပို့ချသွားပါသည်။

 

ထို့နောက် ဟန်ဂေရီနိုင်ငံ ဗဟိုဥရောပတက္ကသိုလ် Central European University မှဒေါက်တာ လီဗူးမက်တေး (Prof. Livu Matei) က ‘နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တက္ကသိုလ်များ၏ သုတေသန” အခန်းကဏ္ဍကို ဆွေးနွေးဟောပြောခဲ့ပါသည်။ နိုင်ငံအများစုတွင် ပြုလုပ်လိုက်သော သုတေသနများ၏စာတမ်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်မှု (Publications) အရေအတွက်ကိုလည်း ကြည့်ပါသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် စာတမ်းထုတ်ဝေနိုင်မှု ၄၂၆၁၆၅ စောင်ဖြင့် အများဆုံးဖြစ်ပြီး အမေရိကန်နိုင်ငံက ၄၀၈၉၈၅ စောင်ဖြင့် ဒုတိယလိုက်ပါသည်။ ဥရောပသမဂ္ဂ နိုင်ငံများ (EU) သည် စည်းကမ်းအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အနည်းဆုံး ၃ % အထိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အသုံးပြုရမည်ဟူ၍ သတ်မှတ်ထားပါသည်ဟူ၍ ပြောကြားသွားပါသည်။

 

ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်ကမူ သုတေသနယဉ်ကျေးမှုကို အားပေးခြင်း (Promoting Research Culture) ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောရာ တက္ကသိုလ် ဆရာ/ဆရာမများ၏ တာဝန်သုံးရပ်မှာ -

(က) သင်ကြားရေး - မိမိလုပ်အားအချိန် ၆၀ % ခန့် (Teaching) - သင်ကြားရေးတွင် ပြဋ္ဌာန်းစာအုပ် (Text Book) မှသင်ကြားပေးရုံသာမကဘဲ ၁၀ % - မှ ၂၀ % ခန့် မိမိပြုလုပ်နေသော သုတေသနများမှ ရရှိသော အကျိုးကျေးဇူးများကို ထည့်သွင်းသင်ကြားသင့်ပါသည်။

 

(ခ) သုတေသန - ၃၀ % ခန့် (Research) သုတေသနပြုလုပ်ရာတွင် မိမိတက္ကသိုလ်၊ မိမိဒေသအနီးပတ်ဝန်းကျင် အကျိုးရှိမှုကို အဓိကထားသင့်ပါသည်။

 

(ဂ) သုတေသနစာတမ်း ထုတ်ဝေဖြန့်ချိမှု - ၁၀ % ခန့် (Publication) တို့ အရေးပါသည်ဟု ပြောကြားသွားပါသည်။ ကျွန်တော့်အနေဖြင့်မူ ဒေသခံပြည်သူ ပြည်သားများကို ဝန်ဆောင်မှုပေးမှု (Service)၊ တစ်နည်းအားဖြင့် ကျွန်တော်တို့စိုက်ပျိုးရေးအခေါ် ပညာပေးမှု (Extension) ၁၀ % ခန့် မဖြစ်မနေလုပ်ဆောင်သင့်ပါသည်။ ဆရာ ဆရာမများ အလုပ်လုပ်ချင်စိတ်ရှိအောင်တော့ ပံ့ပိုးအားပေးရပါလိမ့်မည်။ အထူးသဖြင့် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ပေါင်းစုံ သုတေသနများကို နိုင်ငံတော်အတွက် အရေးတကြီး လိုအပ်လျက်ရှိသော၊ အရည်အသွေးရှိသော သုတေသနများ၊ တစ်နည်းအားဖြင့် အသုံးချသုတေသနများ (Applied Research) ကို ဦးစားပေးပြီး ပြုလုပ်သင့်ပါသည်။ ဤသုတေသနသည် မြန်မာနိုင်ငံအတွက် အသုံးချသုတေသနဖြစ်သည်ဟု မိမိက ယူဆလျှင် ပြုလုပ်နိုင်ပါသည်။ ။

 

ဥပမာ - ကျွန်တော်တို့တက္ကသိုလ်များ၌ သုတေသနများတွင် ကိုဗစ်ကာလအတွင်း ကာကွယ်ဆေး၊ ကုသဆေးများ ထုတ်လုပ်နိုင်ရန်၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယခုထက် ပိုမိုပြည့်စုံနိုင်ရန်၊ ရောဂါဒဏ် ခံနိုင်ရည်ရှိပြီး ကျန်းမာစေသော အစားအစာ နေထိုင်ဆောင်ရွက်ခြင်းကို ပိုမိုကောင်းမွန်နိုင်စေရန်၊ အနောက်တိုင်း ဆေးသုတေသနများသာမက တိုင်းရင်းဆေးသုတေသနများပါ ပူးတွဲလုပ်ဆောင်ပေးနိုင်ရန်၊ စီးပွားရေး ဈေးကွက်ရှာဖွေဖော်ထုတ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် သီးနှံ၊ အသား၊ ငါး၊ နို့များ ပိုမိုထုတ်လုပ်နိုင်ရန်၊ ပိုမိုထုတ်လုပ်နိုင်သည်မှ နိုင်ငံခြားဝင်ငွေရရှိနိုင်ရေး ရောင်းချနိုင်ရန် စသဖြင့် ကိုဗစ်နှင့်ကိုဗစ် အလွန်ကာလ (Beyond Covid-19) သည် ယခုအချိန် အလွန်အရေးကြီးနေသဖြင့် ကျွန်တော်တို့ တက္ကသိုလ်များက စုပေါင်း၍ ထိုအတွက် ဦးစားပေးသုတေသနများ လုပ်ဆောင်နိုင်ပါက ပိုမိုကောင်းမွန်လှမည်ဖြစ်ပါသည်။

 

ယူနက်စကို - ကုလသမဂ္ဂ ပညာရေးနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO ၏ (GERC) Gross Domestic Expenditure on R&D (GERD), လေ့လာချက်အရ - စီးပွားရေး၊ လူမှုရေးသုတေသနအဖွဲ့ (CESD)နှင့် ကမ္ဘာ့ဖွံ့ဖြိုးမှုကွန်ရက်အဖွဲ့ (Global Development Network) တို့က ၂၀၂၀ ပြည့်နှစ် မေလတွင်ထုတ်ပြန်ခဲ့သော အချက်အလက်များ၌ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ရရှိသော သုတေသနအသုံးစရိတ်မှာ -

 

၃၂.၈%  သည် သိပ္ပံ၊ နည်းပညာများ၊ ပညာရေး  (STEM - Science, Technology, Engineering and Mathematics - Education)၊ ၃၂.၆% သည် စိုက်ပျိုးမွေးမြူရေး (Agriculture)၊ ၃၀.၀ % သည် ကျန်းမာရေး (Health)၊ ၄.၂ % သည် သဘာဝသိပ္ပံ (Natural Science)၊ ၀.၃၈% သည် လူမှုရေးသိပ္ပံ (Social Science) သုံးစွဲသည်ဟူ၍ တွေ့ရှိရပါသည်။

 

(သုတေသနအသုံးစရိတ်ကို အစိုးရဌာနများမှ ၇၈% ခန့်သုံးပြီး အဆင့်မြင့်ပညာ တက္ကသိုလ်သိပ္ပံကျောင်းများက ၂၁ % ခန့်သုံးသည်ကို ဖော်ပြထားပါသည်။ ရန်ပုံငွေရရှိမှုမှာ နိုင်ငံတော်က ၇၇% ခန့်၊ နိုင်ငံခြားမှ အကူအညီပေးနေသော ဖွံ့ဖြိုးမှု မိတ်ဆက်အဖွဲ့အစည်းများ (Development Partners e.g. UNESCO, FAO, WHO, JICA, KOICA, DAAD, GIZ, British Council, US Aids, AusAids, etc.) က ၂၂.၅%  ခန့်၊ ပုဂ္ဂလိကအဖွဲ့အစည်း (Private Sectors) များမှ ၀.၀၂ % ခန့် ထောက်ပံ့သည်ဟုတင်ပြထားပါသည်။

 

ကမ္ဘာ့နိုင်ငံများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်ကို ဒေါ်လာဘီလီယံနှင့်ချီပြီး သုံးနေသည်ကို ဇယား (၁) တွင်တွေ့နိုင်ပါသည်။

 

ကျွန်တော်တို့နိုင်ငံ ယခုထက်ပို၍ အသုံးပြုရပါဦးမည် ဇယား(၂)။

ကိုဗစ်အလွန်ကာလတွင် တက္ကသိုလ်များအလိုက် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှုအတွက် လက်ရှိ သင်ကြားမွေးထုတ်ပေးနေသည့် ဘာသာရပ်ဆိုင်ရာဘွဲ့များကို အခြားနိုင်ငံများမှ မွေးထုတ်ပေးနေသည်တို့နှင့် နှိုင်းယှဉ်လေ့လာ ဆန်းစစ်ပြီး မည်သည့်သာသာရပ်သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို မည်မျှအထိ အထောက်အကူပြုသနည်း ဆိုသည်ကို သုတေသနပြုလုပ်သင့်ပါသည်။ တစ်နည်းအားဖြင့် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ အဆောက်အအုံစသည့် အရင်းအမြစ်များ အလဟဿ (Waste of all Resources) မဖြစ်စေရန်ဖြစ်ပါသည်။ အမျိုးသားပညာရေး မူဝါဒကော်မရှင် အနေဖြင့်လည်း မွေးထုတ်ပေးလိုက်သည့် ဘွဲ့ရနှင့် အလုပ်အကိုင်ကိုက်ညီမှု ရှိ၊ မရှိ (Matching study between Graduates and Employability in Myanmar) ကို သုသေတနပြုလုပ်လျက်ရှိနေပါသည်။

 

သူတို့တင်သွင်းသောစာတမ်းတွင် သုတေသနပြုလုပ်ရာ၌ အောက်ပါ အခက်အခဲ စိန်ခေါ်မှုများလည်း ရှိနေပါသည် ဟူ၍ ပြောပါသည်။ ၎င်းတို့မှာ-

 

တက္ကသိုလ်နှင့် သုတေသနဌာနများကို ရန်ပုံငွေထုတ်ပေးဝေမှုသည် တင်းကျပ်သော စည်းမျဉ်း စည်းကမ်းများ ရှိနေပါသည်။ အမျိုးသားသုတေသနဆိုင်ရာ မူဝါဒ (National Research Policy) မရှိသေးပါ။ တက္ကသိုလ်ဆရာ ဆရာမများ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဝန်များဖြင့် ပိနေပါသည်။ အစိုးရ၊ သုတေသနအဖွဲ့အစည်းများနှင့် တက္ကသိုလ်ရှိ သုတေသီများ ညှိနှိုင်းဆောင်ရွက်မှု နည်းပါးနေပါသည်။ မြန်မာနိုင်ငံတွင် တရားဝင်ချမှတ်ထားသည့် သုတေသီအချင်းချင်း သုံးသပ်ပေးသည့် ယဉ်ကျေးမှု (Peer Review Culture) မရှိသေးပါ၊ သုတေသနအရည်အသွေးနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောဆိုခြင်းမျိုးလည်း မရှိကြပါ။ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများတွင် လူကြိုက်များသည့် အတွေးအမြင်များ (Popular Opinion) က သုတေသန အထောက်အထားကို လွှမ်းမိုးလျက် ရှိနေကြပါသည်ဟူ၍ တင်ပြထားပါသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံတွင် ပြုလုပ်သည့် သုတေသနဆောင်ရွက်ချက်များကို ကြီးကြပ်ပေးမည့်၊ ကူညီပံ့ပိုးပေးမည့် မှတ်တမ်းတင်ပေးသည့် အမျိုးသားအဆင့် သုတေသနအဖွဲ့အစည်း (National Research Body or Council) တစ်ခု တည်ထောင်သင့်ပါသည်။ အဆင့်မြင့်ပညာ အဖွဲ့အစည်းများတွင် သုတေသနပြုရာ၌ အားကောင်းသည့်၊ အလုပ်တွင်သည့် သုတေသနအကဲဖြတ်မှု လုပ်ငန်းစဉ်နှင့် သုတေသီအချင်းချင်း သုံးသပ်သည့်စနစ်ကို ထူထောင်သင့်ပါသည်။

 

အဆင့်မြင့်ပညာ အဖွဲ့အစည်းများအတွက် သုတေသနစွမ်းရည်၊ အခြေခံအဆောက်အအုံနှင့် ရန်ပုံငွေတို့တွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးသင့်ပါသည်။ မူဝါဒချမှတ်သူများထံသို့ သက်ဆိုင်သည့် နည်းပညာအကူအညီများ အချိန်နှင့် တစ်ပြေးညီ ပေးနိုင်စေရန် ဒေသခံသုတေသီများ၏ စွမ်းရည် မြှင့်တင်ပေးသင့်ပါသည်။ အစိုးရသုတေသန အဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာသင်ကျောင်းအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ထူထောင်မှုကို ပြုလုပ်သင့်ပါသည်ဟူ၍ အကြံပြုတင်ပြထားပါသည်။ ။

 

အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီတို့ပူးတွဲဆောင်ရွက်နေသော အမျိုးသားအဆင့်မြင့် ပညာဖွံ့ဖြိုးရေးသိပ္ပံ (NIHED - National Institute for Higher Education Development) တွင်လည်း တက္ကသိုလ် ဆရာ ဆရာမများ အဆင့်မြင့်သင်ကြားရေး၊ စီမံအုပ်ချုပ်ရေးသာမက အဆင့်မြင့်ပညာဆိုင်ရာ သုတေသနများကိုလည်း ပြုလုပ်သွားရန် စီစဉ်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာရေးနှင့် မူဝါဒဆိုင်ရာ သုတေသနကို ပြုလုပ်နေသော တက္ကသိုလ်နှင့် အဖွဲ့အစည်းဌာနမှာ မရှိသလောက်ဖြစ်နေပါသည်။

 

မြန်မာနိုင်ငံပညာရေးစနစ်သည် ဗဟိုဦးစီးစနစ် (Fully Centralized) အဖြစ်ရှိနေသည်မှာ ရာစုနှစ် တစ်ဝက်ခန့် ရှိနေပြီဖြစ်ပါသည်။ ယခင် ၁၉၆၂ ခုနှစ်မတိုင်မီက ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာ အရှေ့တောင် အာရှနိုင်ငံများတွင် အထင်ရှားဆုံးတက္ကသိုလ် (Flaship University) ဖြစ်ခဲ့ဖူးပါသည်။

 

လက်ရှိအစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်ကို တဖြည်းဖြည်ချင်း ဖြေလျှော့နေပါသည်။ အထူးသဖြင့် အဆင့်မြင့် ပညာကဏ္ဍ ဗဟိုဦးစီးချုပ်ကိုင်မှုကို ဖြေလျှော့မှု (Decentralization) သည် တက္ကသိုလ်များ လွတ်လပ်စွာ ရပ်တည်နိုင်မှု၏ အသက်ဖြစ်ပြီး မိမိကိုယ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) သည်လည်း တက္ကသိုလ်များ လွတ်လပ်စွာ ရပ်တည်နိုင်မှု၏ နောက်ကွယ်က ထက်ကြပ်မကွာ လိုက်ပါနေသောအချက် ဖြစ်ပါသည်။

 

အမျိုးသာပညာရေး မူဝါဒကော်မရှင်သည် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကို တစိုက်မတ်မတ် အားပေးနေသော အဖွဲ့ဖြစ်ပါသည်။ မကြာခင် ရှေ့ပြေးတက္ကသိုလ် ၁၆ ခု ကိုယ်ပိုင်လွတ်လပ်ခွင့် ရရှိတော့မည်ဟု မျှော်လင့်မိပါသည်။

 

ယခု ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်များ သုတေသနညီလာခံမှနေ၍ တက္ကသိုလ်အချင်းချင်း၊ တက္ကသိုလ်နှင့် သုတေသနဌာနများ၊ တက္ကသိုလ်နှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းရှာဖွေဖော်ထုတ်၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြပေးနိုင်သော အကျိုးပြုသုတေသနများ ဆက်လက် လုပ်ဆောင်ကြပါစို့ ဟူ၍ တိုက်တွန်းအပ်ပါသည်။ ။