အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ အားဖြည့်အချိုရည် အတုပြုလုပ်သူများအား ဖော်ထုတ်အရေးယူ

မန္တလေး၊ ၁၆ ဇန်နဝါရီ

မန္တလေးအောင်မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထုတ်လုပ်ခွင့် မှတ်ပုံတင်မရှိဘဲ အားဖြည့်အချိုရည်အတုများ ပြုလုပ်နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၄ ရက် ညပိုင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး ဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ဒေါနဘွားရပ်ကွက် ၆၂ လမ်းအကွက် (၁၀) ရှိ ဦးပီကူးမားနေအိမ်အား ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေစစ်ဆေးရာတွင် နေအိမ်တိုက်ခန်း အပေါ်ထပ် လေးလွှာတွင် အားဖြည့်အချိုရည် ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး သုံးလုံး၊ ဖျော်စပ်ရာတွင် အသုံးပြုသည့် လှောင်ကန်အကြီးတစ်ခု၊ အားဖြည့်အချိုရည် အတုပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိရသဖြင့် အမှုဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။        

 မောင်ပြည်သူ(မန္တလေး)