အားတင်း၊ တောင့်ခံ၊ သည်းခံကျော်လွှား

mdn

နေပြည်တော် ၂၅ စက်တင်ဘာ

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေဆဲ အဆင့်ရှိနေသေးသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ထုတ်ပြန် ကြေညာခဲ့သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထား လိုက်နာဖို့လိုအပ်ပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ၂၀ရက်နေ့ က ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်တွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မပါ ကျန်မြို့နယ်များအားလုံးကို stay at Home နေအိမ်တွင်သာနေထိုင်ရန်ဟူသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက် အသစ်များကို ထုတ်ပြန်ကြေညာအသိပေးထားပါသည်။ stay at Home အစီအစဉ်ကို ကိုဗစ်ကာလအတွင်း၌ ပြည်သူများ ကြုံတွေ့ခဲ့ကြရပြီးဖြစ်၍ အထူးအဆန်း မဟုတ်တော့ပါပေ။ သို့သော် ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မားနေသောကာလ၌ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ် များမှ ပြည်သူအားလုံးတို့သည် မိမိတို့နေအိမ်တွင်သာ နေထိုင်ရန်ဟူသည့် တိတိကျကျ၊ တင်းတင်းကျပ်ကျပ် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထားလိုက်နာရန် လိုအပ်သည်ကို သတိချပ်ဖို့လိုသည်။ ။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အသစ်ထုတ်ပြန် အသိပေး ကြေညာချက်ကို စက်တင်ဘာလ၂၄ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းနေပြည်သူများ တိတိကျကျ လိုက်နာလာကြသည်ကို တွေ့ရသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို လိုက်နာဆောင်ရွက်ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်လုပ်ကိုင် နေကြသည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများမှ အလုပ်သမားများသာမက မြို့နယ်အလိုက် နယ်မြေကျော်ဖြတ် လုပ်ကိုင်ကြသည့် အလုပ်သမားများ၊ လက်လုပ်လက်စား အလုပ်သမားများ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ အောက်တိုဘာလ ၇ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ခန့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ရာ အလုပ်သမား လူတန်းစားတို့၏ဘဝများ အခက်အခဲများ ခေတ္တခဏ ကြုံတွေ့နိုင်မည်ဖြစ်သည်။

 

ယင်းအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က အလုပ်သမားများအား ကူညီဆောင်ရွက်ပေးနိုင်သည်တို့ကို ဝိုင်းဝန်းထောက်ပံ့ ပေးနိုင်ရန်အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက် ရှိသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များကို ဤသို့ တင်းတင်းကျပ်ကျပ်၊ ထိထိ ရောက်ရောက် ထုတ်ပြန်လိုက်နာ ဆောင်ရွက်စေခြင်းသည် ရောဂါဖြစ်ပွား မှုကို အမြန်ဆုံး လျှော့ချနိုင်ရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ် နှစ်ပတ်အကြာတွင် ရောဂါဖြစ်ပွား မြင့်မားနေမှုကို အမြန်ဆုံး လျော့ကျစေနိုင်မည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယုံကြည်ထားသည်။ ။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကို အမြန်ဆုံး လျှော့ချနိုင်ရန် အတွက် ယခုဆောင်ရွက်ချက်များသည် ရန်ကုန် မြို့တွင် နေထိုင်ကြသူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေရန် အတွက်လည်းမဟုတ်၊ စိတ်ဓာတ် ကျဆင်းစေရန် အတွက်လည်းမဟုတ်၊ လတ်တလောကူးစက် ဖြစ်ပွားနေမှု လျော့ကျသွားစေရန်အတွက်သာ ဖြစ်သည်။ မိမိတို့ တစ်ဦး တစ်ယောက်မှအစ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီကို ကာကွယ် ပေးလိုက်နိုင်သဖြင့် အများပြည်သူ ရောဂါဘေး အန္တရာယ်ဖြစ်ပွားမှု လျှော့ချနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဆိုးအား ယခုထက်တိုးမလာစေ ဘဲ လျော့ကျသွားအောင် ရန်ကုန်မြို့နေ ပြည်သူ ပြည်သားများ ကိုယ်တိုင် သည်းခံနိုင်မှု စွမ်းအားများ၊ စိတ်ဓာတ်ခွန်အားများ၊ စည်းကမ်းလိုက်နာမှု အလေ့အကျင့်များဖြင့် ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ကျော်ဖြတ်ရမည် ဖြစ်သည်။

 

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပြည်သူများသည် ကျန်းမာရေးအသိ မြင့်မားနေကြပါပြီ။ နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အလေးထား လိုက်နာလာကြသည်။ ကျန်းမာရေးဆိုင်ရာလိုက်နာရမည့် အချက်များကို အလေးအနက်ထား လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံအလုပ်သမားများက နှစ်ပတ်ခန့် အမျိုးသားရေး အသိဖြင့် သည်းခံပါဝင် ဆောင်ရွက်ပေးကြသည်ကို အသိအမှတ်ပြုရမည်။ ကျန်ရှိသော မြို့သူမြို့သားများ ကလည်း တင်းတင်းကျပ်ကျပ်၊ လေးလေးနက်နက် ဆောင်ရွက်နေသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများတွင် အားတင်း၊ တောင့်ခံ၊ သည်းခံကာ အားလုံးပါဝင်ဆောင်ရွက်ခြင်းဖြင့် နောက်လာမည့် နှစ်ပတ်အကြာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုများ လျော့ကျသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

 ကြေးမုံ