အာရုံခြောက်ပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ

ကိုယဉ်ချစ် (မန္တလေး)

လူတိုင်း နေ့စဉ်ပြောဆို၊ လုပ်ကိုင်နေကြတဲ့ အလုပ်တိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတဲ့ ရလဒ် နှစ်ခုထဲက တစ်ခုကိုသာ ခံစားကြရပါတယ်။ ပြုလုပ်နေကြတဲ့ အတွေးအမြင်တွေ၊ အပြောတွေ၊ အလုပ် တွေမှန်သမျှကို ဦးနှောက်ဆိုတဲ့အင်္ဂါကို အသုံးချ လုပ်ကိုင်နေကြပါတယ်။

ဦးနှောက်ဟာ အရေးပါဆုံးအင်္ဂါရပ်တစ်ခု

လူတိုင်းက စိတ်ရဲ့မွေ့လျော်ရာဖြစ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့နဲ့ အတွေးဆိုတဲ့ အာရုံ ခြောက်ပါးကို ဦးနှောက်ကတစ်ဆင့် ခံစားကြပါတယ်။ အဆင်းအာရုံကို မျက်စိကကြည့်တယ်။ အသံ အာရုံကို နားကကြားတယ်။ အနံ့အာရုံကို နှာခေါင်းက ရှူရှိုက်တယ်။ အရသာအာရုံကို လျှာကခံစား တယ်။ အတွေ့အာရုံကို ခန္ဓာကိုယ်က ခံစားတယ်။ အတွေးအာရုံကိုတော့ ဦးနှောက်က စဉ်းစားတွေးခေါ်ပါတယ်။ တစ်နည်းအားဖြင့် အာရုံခြောက်ပါးထဲက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အင်္ဂါတွေရဲ့ အာရုံခံစားမှုမှန်သမျှဟာ ဦးနှောက်နဲ့ ခံစားရတာ ဖြစ်တာကြောင့် ဦးနှောက်ဟာ အရေးပါဆုံးအင်္ဂါရပ် တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဦးနှောက်က အခြေခံကျတဲ့ မနောကံဆိုတဲ့ တွေးခေါ်စဉ်းစားမှုတွေကို အရင်ဆုံးပြုပါတယ်။ စိတ်ရဲ့ ခံစားမှုကတစ်ဆင့် ဝစီကံဆိုတဲ့ အပြော၊ ကာယကံဆိုတဲ့အလုပ်တွေကို လုပ်ကိုင်နေကြတာ သဘာဝပါပဲ။ ဒါကြောင့် မှန်ကန်တဲ့အသိတွေ၊ အပြောတွေ၊ အလုပ်တွေဖြစ်လာအောင် ဦးနှောက်ကို အကျိုးရှိအောင် မှန်ကန်ထိရောက်အောင် အသုံးချ တတ်ဖို့လိုပါတယ်။

ဦးနှောက်ဆိုတာ ဦးခေါင်းခွံအတွင်းရှိ အာရုံကြောများစုဝေးရာ အစိတ်အပိုင်းလို့ဆိုပါ တယ်။ ဦးခေါင်းကို “ခေါင်း”လို့လည်း ပြောဆို သုံးနှုန်းကြပါတယ်။ ခေါင်းဆိုတာ သတ္တဝါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ ဦးနှောက် စသည်တို့တည်ရှိရာ ကိုယ်အစိတ်အပိုင်းလို့ မြန်မာအဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

အာရုံ‌ခြောက်ပါးထဲက မျက်စိ၊ နား၊ နှာ၊ လျှာ ဆိုတဲ့ အင်္ဂါလေးပါးဟာ ဦးနှောက်နဲ့အနီးဆုံးမှာ ရှိနေတာကိုလည်း သတိပြုမိပါတယ်။ ဒီအင်္ဂါတွေက ဘာကြောင့် ဦးနှောက်နဲ့ အနီးဆုံးမှာ ရှိနေတာလဲ ဆိုတာက စဉ်းစားစရာပါပဲ။ အင်္ဂါလေးပါးက အရေးပါပြီး အသိဉာဏ်ပညာတွေနဲ့ အသုံးချရတာ ကြောင့် ဦးနှောက်နဲ့ အနီးဆုံးရှိနေတာလားလို့ တွေးစရာဖြစ်လာပါတယ်။

လူတိုင်းက အာရုံခြောက်ပါးကို နေ့စဉ်အသုံးချနေပေမယ့် တစ်ပါးချင်းစီမှာ လေးနက်ကျယ်ပြန့်တဲ့ စွမ်းအင်တွေရှိနေတယ်ဆိုတာ သတိမမူမိကြပါ။ တချို့ကတော့ အသိဉာဏ်နဲ့ဆင်ခြင်ပြီး ထိရောက် အောင်အသုံးချနိုင်ကြလို့ တိုးတက်အောင်မြင်မှုတွေကို ခံစားကြရပါတယ်။ သတိမမူတဲ့သူတွေကတော့ သာမန်ဘဝတွေနဲ့ သာမန်အောက်ဘဝတွေမှာ ရှင်သန်နေကြရပါတယ်။ ဒါကြောင့် အာရုံတစ်ပါး ချင်းစီရဲ့စွမ်းအားတွေကို အသိဉာဏ်နဲ့ဆင်ခြင်ပြီး ထိထိရောက်ရောက် အသုံးချသွားနိုင်ကြဖို့ လိုအပ် ပါတယ်။

“မျက်စိ”ကို မြင်သိစိတ်အတွက် အသုံးပြုနေပေမယ့် မျက်စိက အမြင်ချို့ယွင်းပျက်စီးသွားရင် ဆုံးရှုံးမှုတွေဖြစ်တတ်တာကြောင့် မျက်စိအဆုံး၊ နားအရှုံးလို့ ဆိုကြပါတယ်။ ချို့ယွင်းပျက်စီးမှုမရှိပေမယ့် အသုံးချတာမမှန်ရင်လည်း အကောင်းမမြင်နိုင်ဘဲ အဆိုးတွေသာ မြင်တတ်ကြပါတယ်။ အဆိုးမြင်သူတွေဟာ ဘယ်သူတွေက ဘာအလုပ်တွေကို ဘယ်လောက်ကောင်းအောင်လုပ်လုပ် အကောင်းမမြင်ဘဲ အဆိုးဘက်ကသာ ကြည့်မြင်တတ်ကြပါ တယ်။ အဆိုးမြင်သူတွေဟာ လွယ်အိတ်တစ်လုံးလို လွယ်ထားသူရဲ့ဘေးက အမြဲကန့်လန့်လိုက်ပါနေ တတ်တာကြောင့် မိတ်ကောင်း၊ ဆွေကောင်းတွေ နည်းပါးပြီး လူ့စည်းဘောင်ရဲ့အပြင်ကို တဖြည်းဖြည်း ရောက်မှန်းမသိ ရောက်သွားကြပါတယ်။

အမြင်မကြည်ရင် မြင်ကွင်းက မှုန်ဝါးနေပါမယ်။ လောကကြီးကို သဘာဝကျကျမကြည့်ဘဲ တစ်ဖက် သတ်အမြင်နဲ့ချည်းကြည့်မိရင် အထင်အမြင်တွေ မှားယွင်းတတ်ပါတယ်။ အထင်မှား၊ အမြင်မှားမှုတွေ ကြောင့် ဆုံးဖြတ်ချက်တွေပါ မှားနိုင်ပါတယ်။ တချို့က ကိုယ်သိကိုယ်တတ်၊ ကိုယ်ပြောတာအဟုတ် ကိုယ်လုပ်တာအမှန်။ ဘယ်သူဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်ဟုတ်ရင်ပြီးတာပဲဆိုတဲ့ စိတ်ကိုမွေးပြီး ပြောဆိုလုပ်ကိုင်ကြတာကြောင့် မှားယွင်းတဲ့ရလဒ်တွေကို အနည်းနဲ့အများ ခံစားကြရပါတယ်။ တချို့ က အမြင်ကျယ်ကျယ်နဲ့ မျက်စိတစ်ဆုံးကြည့်တတ်ပေမယ့် တချို့က အမြင်ကျဉ်းကျဉ်းနဲ့ မျက်တောင် တစ်ဆုံးသာ ကြည့်တတ်ကြပါတယ်။ အမြင်ကျယ်သူနဲ့ အမြင်ကျဉ်းသူတွေမှာ အရည်အချင်းနဲ့ စေတနာတွေ ကွာခြားနေတတ်ပါတယ်။

လူတစ်ယောက်ကို ဂရုစိုက်ကြည့်ကြည့်ပါ။ သူ့ရဲ့မျက်ဝန်းထဲမှာ အတွင်းစိတ်တွေပေါ်နေတာ မြင်‌တွေ့နိုင်ပါတယ်။ မျက်စိထဲမှာ ရိုးသားမှု၊ မရိုးသားမှု၊ ကျေနပ်မှု၊ မကျေနပ်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေကို ပေါ်လွင်နေပါတယ်။ ဒါပေမဲ့ ကာယကံရှင်ကိုယ်တိုင်က သတိပြုမိချင်မှ ပြုမိပါ မယ်။ ရိုးသားသူရဲ့မျက်စိဟာ အမြဲကြည်လင်နေပြီး စေတနာအရိပ်တွေ မြင်နိုင်ပါတယ်။ မရိုးသားသူရဲ့ မျက်စိထဲမှာ မရိုးသားမှု၊ လိမ်ညာမှု၊ ကောက်ကျစ်မှု၊ လက်စားချေလိုမှု၊ ဟန်ဆောင်မှု၊ လောဘရမ္မက်ကြီးမှုစတဲ့ အရိပ်အငွေ့တွေပေါ်နေတာကို သတိထားကြည့်ရင် သိမြင်နိုင်ပါတယ်။

“နား”ဆိုတာ ကြားသိစိတ်အာရုံကို ခံစားပါတယ်။ မျက်စိလိုပဲ နားအကြားချို့ယွင်းသွားရင် ကြားချင်တဲ့အသံကို သဘာဝအတိုင်း မကြားရလို့ လူဖြစ်ရှုံးကြရပါတယ်။ အကြားအာရုံ ချို့ယွင်းနေတဲ့ လူတွေမှာ နားကြပ်အကူအညီနဲ့သာ အကြားအာရုံကို ခံစားကြရသလို နားထိုင်းသွားကြတဲ့ သက်ကြီး ရွယ်အိုတွေဆိုရင် တရားနာချင်တာတောင် မနာနိုင်တော့ဘဲ အကြားအာရုံဆုံးရှုံးမှုတွေ ခံစားကြရပါတယ်။

နားက နေ့စဉ်ကြားနေရတဲ့ စကားတွေထဲမှာ အမှန်တွေ၊ အမှားတွေ ရှိနေတတ်ပါတယ်။ တစ်ခါ တစ်ရံ အမှန်ရော အမှားပါ ရောထွေးနေတာတွေ လည်းရှိပါတယ်။ လူတိုင်း နားနှစ်ဖက်ပါတာချင်း တူပေမယ့် လက်ခံမှု၊ အသုံးချမှုတွေ မတူညီကြပါ။ တချို့က စကားကို ချင့်ချိန်လက်ခံ ယုံကြည်တတ် ကြပေမယ့် တချို့က တစ်ဖက်နားပေါက် ယုံလွယ်တတ်ကြပါတယ်။ ပညာနည်းသူတွေက ပိုဆိုးပါတယ်။

မျက်မှောက်ကာလ နိုင်ငံကြီးတွေရဲ့ စစ်ပွဲကြီးတွေမှာ ပေါက်ကွဲအားပြင်းထန်တဲ့ လက်နက်ကြီးတွေကို အသုံးချတိုက်ခိုက်နေကြတာတွေရှိသလို နည်းပညာတွေကိုအသုံးချပြီး မီဒီယာတွေက တစ်ဆင့် သတင်းမှားတွေ၊ အမှန်နဲ့အမှားရောနေတဲ့ သတင်းတွေ၊ လီဆယ်လုပ်ကြံထားတဲ့သတင်းတွေ၊ ကောလာဟလသတင်းတွေကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြပါတယ်။ အသိဉာဏ်နည်းပါးပြီး အလွယ်တကူ ယုံကြည်တတ်သူတွေကတော့ နားထဲကို အဆိပ်ရည်တွေ လောင်းထည့်ခံနေကြရပါတယ်။

ဒါကြောင့် စကားတစ်ခွန်း၊ သတင်းတစ်ပုဒ်၊ အကြောင်းအရာတစ်ခုဟာ အမှန်လား၊ အမှားလား ဆိုတာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆင်ခြင်ပြီးမှ လက်ခံယုံကြည်ကြဖို့လိုပါတယ်။ မဆင်ခြင်နိုင်ဘဲ အလွယ် တကူယုံပြီး သူများနောက်ကလိုက်ပြီး လုပ်ခဲ့ကြလို့ အမှားတွေနဲ့ တွေ့ကြုံခံစားနေကြရတာကို သတိပြု သင့်ကြပါတယ်။

စကားတွေကို အကြားအာရုံနဲ့ နားထောင်နိုင်ပေမယ့် အရာအားလုံးကိုတော့ လက်မခံသင့်ဘဲ နားတစ်ဖက်က နားထောင်၊ လက်ခံသင့်တာကို လက်ခံ။ လက်မခံသင့်တာကို တစ်ဖက်နားက ပြန်ထုတ်နိုင်တဲ့ အရည်အချင်းရှိကြဖို့လိုပါတယ်။ မလိုအပ်တဲ့စကားတွေ၊ အသံတွေကို ကိုယ်ပိုင် အသိဉာဏ်နဲ့ ယုတ္တိရှိ၊ မရှိ ဆင်ခြင်ပြီး နားထဲက ဖယ်ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

“နှာခေါင်း” က မွှေးတယ်၊ နံတယ်ဆိုတဲ့ အနံ့ သိစိတ်ကို လက်ခံပါတယ်။ သန့်ရှင်းတဲ့ လေကောင်း လေသန့်ကို ရှူရှိုက်မိရင် ကျန်းမာရေးကို အထောက်အကူဖြစ်ပြီး ကောင်းကျိုးရနိုင်ပါတယ်။ ညှော်နံ့ဆိုရင်တော့ ညှော်မိမယ်။ အနာရှိရင် အနာရင်းမယ်။ အခန့်မသင့်ရင် အသက်ကိုပါ အန္တရာယ်ပေးနိုင်ပါတယ်။

“လျှာ” က စားသောက်မှုနဲ့ စကားပြောဆိုတာတွေ ပြုပါတယ်။ အစာစားရင် အေးတယ်၊ ပူတယ်၊ ချိုတယ်၊ ချဉ်တယ်၊ ငန်တယ်၊ စပ်တယ်ဆိုတဲ့ အရသာတွေကို လျှာက ခံစားပါတယ်။ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် မျှမျှတတစားသောက်ရင် ပြဿနာမရှိ‌ပေမယ့် လျှာကို အလိုလိုက်ပြီး မဆင်မခြင် စားသောက်မိရင် ရောဂါခံစားရမှု၊ ငွေကြေးကုန်ကျမှုဆိုတဲ့ ဆိုးကျိုးတွေကို ခံစားကြရပါမယ်။ အခုကာလမှာဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အစားအသောက်တွေမျိုးစုံရှိနေတာကြောင့် ပိုပြီးဂရုစိုက် စားသုံးသင့်ကြပါတယ်။

လျှာက စကားအပြောအဆို (နှုတ်မှု) ကိုလည်း ပြုပါတယ်။ စကား‌ပြောတာနဲ့ပတ်သက်ပြီး ရှေးပညာရှိတွေက နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ ဆိုခဲစေ မြဲစေ၊ နှုတ်ချို သျှိုတစ်ပါး၊ စကား စကား ပြောပါများ စကားထဲက ဇာတိပြ၊ နှုတ်ကောင်းတော့ ပြည်စိုးဆိုတဲ့ စကားပုံတွေနဲ့ စကား ပြောဆင်ခြင်ဖို့ သတိပေးဆုံးမခဲ့ကြပါတယ်။

စကားပြောဆိုရာမှာ ကောင်းစွာပြောဆိုရမယ်။ တရားနဲ့အညီ ပြောရမယ်။ ချစ်ခင်ဖွယ်ကောင်း အောင် ပြောဆိုရမယ်။ မှန်ကန်စွာပြောဆိုရမယ်လို့ သဂါထာဝဂ သံယုတ်ပါဠိတော်မှာ မှတ်သားရပါ တယ်။ လိမ်လည်စကား၊ အတင်းအဖျင်းစကား၊ ရိုင်းစိုင်းကြမ်းတမ်းတဲ့စကား၊ အကျိုးမရှိသိမ်ဖျင်း တဲ့စကား၊ သံသယဖြစ်စေတဲ့စကား၊ ဥပဒေမဲ့စကားတွေကို ရှောင်ကြဉ်ပြောဆိုကြရပါမယ်။ နှုတ်မှု ကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အထင်လွဲခြင်း၊ မိတ်ဆွေဖြစ်ခြင်း၊ ရန်သူဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

လူမှုဆက်ဆံရေးနယ်ပယ်မှာ တစ်ဦးချင်း ပြောဆိုမှုကအစ အဆင့်တိုင်းမှာ စကားကိုပေါ့ပေါ့ တန်တန်မပြောသင့်ပါ။ စကားလုံးတစ်လုံး၊ စကားတစ်ခွန်းဟာ အကောင်းအဆိုးတွေကို အများကြီး ဖန်တီးပေးနိုင်တာကြောင့် ထိရောက်လေးနက်ပြီး ကောင်းကျိုးဖြစ်စေမယ့် စကားတွေကိုသာ ရွေးချယ်ပြောဆိုတတ်ဖို့လိုပါတယ်။

စိတ်အလိုမလိုက်ဘဲ စဉ်းစားဆင်ခြင်

“ကိုယ်” ဆိုတဲ့ ခန္ဓာကိုယ်ဟာ အတွေ့အထိ အာရုံကို နှစ်သက်ပါတယ်။ ပုထုဇဉ်လူသားတွေမို့ အထိအတွေ့ အာရုံခံစားကြလိုပေမယ့် တန်ဆေးလွန်ဘေးဆိုစကားလို အထိအတွေ့ အာရုံခံစားမှုတွေ လွန်ကဲရင်တော့ ကောင်းကျိုးထက်ဆိုးကျိုးကိုသာခံစားရပါမယ်။ မလိုက်စားသင့်တဲ့ အထိအတွေ့အာရုံတွေကို ဘယ်လိုအကာအကွယ်တွေယူပြီး ခံစားသည်ဖြစ်စေ ပတ်ဝန်းကျင်ဆိုတာရှိနေတော့ ကိုယ်ကျင့်သိက္ခာကို ထိခိုက်နိုင်တယ်ဆိုတာ သတိမူကြရပါမယ်။ ဒါကြောင့် အတွေ့အထိအာရုံ ခံစားမှုတွေကို စိတ်အလိုမလိုက်ဘဲ စဉ်းစားဆင်ခြင်ပြီး သင့်တင့်ရုံသာ ခံစားသင့်ပါတယ်။

နောက်အာရုံတစ်မျိုးကတော့ “စိတ်” ဖြစ်ပါတယ်။ စိတ်ဆိုတာ မှန်းဆရခက်တယ်။ အလွန် မြန်တယ်။ ရုပ်ခန္ဓာကြီးကိုမြင်တွေ့နိုင်ပေမယ့် စိတ်ဟာမမြင်ရဘဲ အာရုံကိုသိနိုင်တဲ့ သဘောသာ ဖြစ်ပါတယ်။ စိတ်ဆိုတာ ခန္ဓာကိုယ်နဲ့ ထိမိရာ အရပ်တိုင်းမှာ ဖြစ်ပေါ်နေပါတယ်။ စိတ်ကို ခွဲခြား ကြည့်ရင် စိတ်ကောင်းနဲ့ စိတ်ဆိုး (စိတ်ယုတ်မာ)လို့ နှစ်မျိုးရှိတာကြောင့် စိတ်ကောင်းမွေးပြီး စိတ်ဆိုးစိတ်ယုတ်မာ‌တွေ ကင်းစင်အောင် ဆင်ခြင်နေထိုင်ရပါမယ်။ သူတစ်ပါးက ကိုယ့်ကို မကောင်း စိတ်နဲ့ ဆက်ဆံတာမကြိုက်ရင် ကိုယ်ကလည်း သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်မမွေးဘဲ စိတ်ကောင်းတွေ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ ဆက်ဆံကြရပါမယ်။

စိတ်မှာ သူတစ်ပါးစည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါစေတော့လို့ ကြံစည်တဲ့ အဘိဇ္ဈာ၊ သူတစ်ပါးပျက်စီး စေလိုသောဒေါသရှိတဲ့ ဗျာပါဒ၊ မှားသောအယူကို ယူလွဲနေတဲ့ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ မနောကံ သုံးပါးက ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် စိတ်ကိုထိန်းချုပ်ပြီး ကျန်တဲ့အာရုံငါးပါးကို အကောင်းဆုံးဖြစ်စေဖို့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ ထိန်းသိမ်းကြရပါမယ်။ သီလဆိုတာ စောင့်ထိန်းအပ်သောကျင့်ဝတ်၊ သမာဓိဆိုတာ စိတ်တည်ကြည်ခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ပညာဆိုတာ ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာတွေကို စောင့်ထိန်းနိုင်သူတွေ များများရှိနေမှ သာယာ ဝပြောတဲ့ လူနေမှုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် လူသားတွေ နေ့စဉ် အသုံးချ ခံစားနေကြတဲ့ အာရုံခြောက်ပါးထဲက မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အာရုံငါးပါးကို စိတ်က ထိန်းကျောင်းနေပါတယ်။ စိတ်က အကောင်း အဆိုးတွေကို စေ့ဆော်ပေးနေတာကြောင့် တစ်ဦးချင်းစီက ကိုယ့်စိတ်ကို သီလ၊ သမာဓိ၊ ပညာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက် နေထိုင်ကြဖို့လိုပါတယ်။ အာရုံခြောက်ပါးကို သီလ၊ သမာဓိ၊ ပညာတွေ နဲ့ ထိန်းသိမ်းစောင့်ရှောက်နေထိုင်ကြတဲ့သူတွေ များများရှိလာရင် တည်ငြိမ်အေးချမ်းပြီး သာယာ ဝပြောတဲ့ လူနေမှုဘဝမှာ ချမ်းမြေ့ပျော်ရွှင်စွာနေထိုင် သွားနိုင်ကြမှာဖြစ်ပါ‌ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား-

-        မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန။

-        ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန။