ရန်ကုန် စက်တင်ဘာ ၆
၂၀၂၇ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase အုပ်စု(K) နောက်ဆုံးနေ့ကို စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာအသင်းက မော်လ်ဒိုက်အသင်းကို ခြောက်ဂိုးပြတ်အနိုင်ရရှိသည်။
မြန်မာအသင်းနှင့် မော်လ်ဒိုက်အသင်းသည် အုပ်စုဒုတိယပွဲပြီးကတည်းက နောက်တစ်ဆင့် တက်ရောက်ထားပြီးဖြစ်သောကြောင့် အုပ်စုပထမနေရာအတွက်သာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ဂိုးဒါဇင်ဝက်သွင်းပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် အုပ်စုပထမ နေရာရယူနိုင်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုပထမနေရာရသော်လည်း Deve- lopment phase တွင် ကစားရသဖြင့် ၂၀၂၇ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခွင့်မရှိဘဲ ၂၀၂၉ ပြိုင်ပွဲတွင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင် မည့် Qualification phase ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသော်လည်း အုပ်စုသုံးပွဲစလုံး အနိုင်ရခဲ့သည့်အပြင် ၁၇ ဂိုးအထိ သွင်းယူကာ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းသည် နောက်တစ်ဆင့်တက်ရောက်ပြီး ဖြစ်သော်လည်း အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး အနိုင်ရရှိရေး အားထည့်ကစားခဲ့သည်။ ၁၀ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး စိုင်းဘိုဘိုကျော်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်သော်လည်း ၂၁ မိနစ်တွင် သူရမင်းသန့်က မြန်မာအသင်းအတွက် ဒုတိယဂိုးထပ်သွင်းကာ ပထမပိုင်းအပြီးတွင် နှစ်ဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး လေးဂိုးအထိ ထပ်မံသွင်းယူနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၅၂ မိနစ်တွင် သူရမင်းသန့်၊ ၅၆ မိနစ်တွင် ကြယ်ရောင်မင်းလေး၊ မိနစ် ၇၀ တွင် ကောင်းခန့်ကျော်၊ ၈၅ မိနစ်တွင် စွမ်းဇာနည်တို့က သွင်းယူခဲ့သည်။
တက်ရောက်ခွင့်ရခဲ့
အုပ်စု (K) ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက သုံးပွဲစလုံး အနိုင်ရပြီး ရမှတ်ကိုးမှတ်ဖြင့် ပထမ၊ မော်လ်ဒိုက်အသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ၂၀၂၉ ပြိုင်ပွဲ Qualification phase သို့ တက်ရောက်ခွင့်ရခဲ့သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


