အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ဧရာဝတီအသင်း နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရ

ရန်ကုန်   ဩဂုတ်   ၂၀

မြန်မာနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံ လိဂ်ခြေစစ်ပွဲအုပ်စု (F) ဒုတိယနေ့ကို သြဂုတ် ၂၀ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ပြုလုပ်ရာ မြန်မာအမျိုးသမီးကလပ်   ဧရာဝတီအသင်း  နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့သည်။

ဧရာဝတီအသင်းသည် လက်ဘနွန်ကလပ် No Limits အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ရှစ်ဂိုးပြတ် အနိုင်ရခဲ့သည်။ ခြေစစ်ပွဲအောင်မြင်ရေးအတွက် အနိုင်သုံးမှတ်အပြင် ဂိုးကွာခြားချက်လည်း အရေးကြီးသဖြင့်  ဧရာဝတီအသင်းသည် ဂိုးများများသွင်းယူနိုင်ရန်ပါ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် ပရိသတ်အချစ်တော်  တိုက်စစ်မှူး  မေထက်လူ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အသင်းအတွက် အရေးပါသည့် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

ဧရာဝတီအမျိုးသမီးအသင်းနည်းပြချုပ် ဂျပန်နိုင်ငံသူ ကူမီကိုသည် ပွဲထွက်လူစာရင်းကို  အပြောင်းအလဲပြုလုပ်ခဲ့ပြီး အိစန္ဒာဇော်(ဂိုး)၊ မက်ကန်နာ(အမေရိကန်)၊  ဇွန်ယုယဦး၊ မိုချီဇူကီ(ဂျပန်)၊ အိုကာမူရာ (ဂျပန်)၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ မစ်ဆုအို (ဂျပန်)၊ ကန်ဆိုင်း (ဂျပန်)၊ မေထက်လူ၊ ဇင်မိုးပြည့်တို့ကို အသုံးပြုခဲ့သည်။ ဧရာဝတီအသင်းသည် ပွဲစကတည်းက တစ်ဖက်သတ်နီးပါး ဖိကစားနိုင်ခဲ့သလို ပြိုင်ဘက်အသင်းကလည်း  ခံစစ်ပိတ်ကစားသဖြင့်  အခွင့်အရေးများရခဲ့သည်။ ပွဲအစ ကိုးမိနစ်တွင် ဧရာဝတီအသင်း ဂိုးစတင်ရရှိခဲ့ပြီး ဖြူဖြူဝင်း ကန်တင်ပေးသည့် ထောင့်ကန်ဘောကို မေထက်လူက  ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။  ဂိုးရပြီးနောက်ပိုင်းတွင် ဧရာဝတီတိုက်စစ် ပိုကောင်းလာပြီး ၂၁ မိနစ်တွင် ဂျပန်ကစားသမား မစ်ဆုအို၊ ၂၃ မိနစ်တွင် ဇင်မိုးပြည့်၊ ၄၅+၁ မိနစ်တွင် ဖြူဖြူဝင်းတို့က ဂိုးများထပ်သွင်းကာ ပထမပိုင်းအပြီးတွင် လေးဂိုးပြတ် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်ခဲ့ပြီး အနိုင်ဂိုးလေးဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းအတွက် နောက်ထပ် အနိုင်ဂိုးများကို ၄၈ မိနစ်တွင် လင်းမြင့်မိုရ်၊ ၅၄ မိနစ်တွင် မိုချီဇူကီ၊ ၇၂ မိနစ်တွင် မေထက်လူ၊ မိနစ် ၉၀ တွင် ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့သည်။

မြန်မာအမျိုးသမီးကလပ်   ဧရာဝတီအသင်းသည်   နှစ်ပွဲကစား ခြောက်မှတ်ရထားပြီး   လက်ဘနွန်ကလပ် No Limits အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ဧရာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်ရေး အဆုံးအဖြတ်အုပ်စုနောက်ဆုံးပွဲအဖြစ် သြဂုတ် ၂၃ ရက်တွင် တရုတ်တိုင်ပေ ကလပ် New Taipei City Hang Yuan အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း- ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်