အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် ဧရာဝတီ အမျိုးသမီးအသင်း နိုင်ငံခြားသားကစားသမားသစ်များ ခေါ်ယူ

ရန်ကုန်      အောက်တိုဘာ     ၁၃

မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းသည် ၂၀၂၆ - ၂၀၂၇ ရာသီ  အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲနှင့် မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့အတွက် နိုင်ငံခြားသားကစားသမားသစ်များ ခေါ်ယူအားဖြည့်ခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ  ပထမအကျော့နှင့်  အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲအပြီးတွင် နိုင်ငံခြားသားကစားသမားအချို့ လမ်းခွဲသွားသလို မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး မေထက်လူမှာ လည်း စာချုပ်သက်တမ်း ကုန်ဆုံးသွားသဖြင့်   ဧရာဝတီအသင်းအနေဖြင့် ကစားသမားသစ်များ ခေါ်ယူအားဖြည့်နေခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် ဂျပန်နောက်ခံလူ အီဝါရှီတနှင့် ဂျပန်ကွင်း လယ်ကစားသမား မီယာမိုတိုတို့နှစ်ဦးကို  ခေါ်ယူထားခြင်းဖြစ်သည်။  မီယာမိုတိုသည် တက္ကသိုလ်အဆင့်ပြိုင်ပွဲများတွင် စတင်ယှဉ်ပြိုင်ခဲ့ရာမှတစ်ဆင့် ဂျပန်ထိပ်သီးအမျိုးသမီးကလပ်    အယ်ဗီရက်စ် နီဂါတာအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဖြတ်သန်းကာ ဧရာဝတီအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နောက်ခံလူ အီဝါရှီတမှာမူ ဂျပန်အမျိုးသမီးကလပ် နာဂါနိုအသင်းတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ယခုနှစ်လယ်ပိုင်းတွင် ထိုင်းကလပ် BGC-CAS အသင်းတွင် ပါဝင်ကစားခဲ့ကာ ဧရာဝတီအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်  ဒုတိယအကျော့ကို  အောက်တိုဘာ ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲများကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - AWFC