အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်များ ရန်ကုန်မြို့တွင် ယနေ့စတင်မည်ဖြစ်ပြီး ဧရာဝတီအသင်း စင်ကာပူကလပ်နှင့် စတင်ကစားရမည်

ရန်ကုန်   ဩဂုတ်   ၁၆

၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စု(F)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းသည်  စင်ကာပူကလပ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲကို သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ကျင်းပမည့် အုပ်စု(F)တွင် ဧရာဝတီ(မြန်မာ)၊  FC Jurong (စင်ကာပူ)၊  New Taipei City Hang Yuan (တရုတ်တိုင်ပေ)နှင့်  No Limits (လက်ဘနွန်)တို့ ပါဝင်နေသည်။ အုပ်စု(F) ပွဲစဉ်များကို တစ်ရက်လျှင်   နှစ်ပွဲနှုန်းကျင်းပမည်ဖြစ်ပြီး သြဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီ (မြန်မာ)နှင့်  FC Jurong (စင်ကာပူ)၊ ည ၇ နာရီတွင်  New Taipei City Hang Yuan တရုတ် (တိုင်ပေ)နှင့်  No Limits (လက်ဘနွန်) ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ဧရာဝတီအမျိုးသမီးအသင်းသည် ၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သဖြင့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီအသင်းသည် လက်ရွေးစင်ကစားသမားအများအပြား ပိုင်ဆိုင်ထားသည့်အပြင် ယခုခြေစစ်ပွဲအတွက် အခြားပြည်တွင်းကလပ်များမှ ဝင်းသိင်္ဂီထွန်း၊ မေသက်မွန်မြင့်၊ လင်းမြင့်မိုရ်၊  ဇင်မိုးပြည့် စသည့်ကစားသမားအချို့ကို ခေါ်ယူထားသလို ဂျပန်ကစားသမားငါးဦးနှင့်   အမေရိကန် ကစားသမားတစ်ဦးတို့ကို ခေါ်ယူအားဖြည့်ခဲ့သည်။

ယင်းခြေစစ်ပွဲအတွက်  ပွဲကြိုသတင်းစာရှင်းလင်းပွဲကို သြဂုတ် ၁၆ ရက်က ပြုလုပ်ရာ ဧရာဝတီအသင်းနည်းပြချုပ် ကူမီကိုက “အာရှအမျိုးသမီးချန်ပီယံလိဂ်ကို ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်   ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့ ပထမရာသီဝက်ပြီးခါနီးမှ နည်းပြအဖြစ်  စတင်တာဝန်ယူခဲ့တာဖြစ်လို့ ပြင်ဆင်ချိန်အများကြီးမရခဲ့ပါဘူး။ ဒါပေမဲ့လည်း အစွမ်းကုန်ကြိုးစားထားပြီး မနက်ဖြန်ပြိုင်ပွဲမှာ   အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ ဒါပေမဲ့ ကျွန်မတို့အသင်း အနိုင်ရရှိဖို့ပြင်ဆင်ထားတာတွေကို ကွင်းအတွင်း အကောင်းဆုံးပြသသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့လည်း အစွမ်းကုန် ယှဉ်ပြိုင်သွားပါမယ်”ဟု  ပြောကြားသည်။  FC Jurong  အသင်း နည်းပြချုပ်   ရှီဂီတိုမီက “ဧရာဝတီအသင်းမှာ အရည်အသွေးမီတဲ့ ကစားသမားကောင်းတွေ အများကြီးရှိသလို သူတို့ဘက်ကလည်း ပွဲအတွက်အသေအချာပြင်ဆင်လာကြတာပါ။ ကျွန်တော်တို့မှာလည်း ဂျပန်ကစားသမားတွေ ပါဝင်လာမှာဆိုတော့ ဒီပွဲဟာ အတော်လေးကို အကြိတ်အနယ်ရှိပြီး ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကွင်းအတွင်း လိုက်လျောညီထွေရှိအောင် ကစားနိုင်ဖို့ကိုပဲ အဓိကအာရုံစိုက်သွားမှာပါ”ဟု ပြောကြားခဲ့သည်။

သတင်း - မောင်စံကြီး

ဓာတ်ပုံ - MWL