ရန်ကုန် ဩဂုတ် ၂
မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အကြိုခြေစစ်ပွဲ အုပ်စု(F)ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ပြုလုပ်မည်ဖြစ်သည်။
ဧရာဝတီအသင်းသည် ပြီးခဲ့သည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သဖြင့် ယခုရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်မှ စတင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၂၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းအုပ်စု ခြောက်ခုခွဲ၍ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု တစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု(A)တွင် အရှေ့ဘင်ဂေါ(အိန္ဒိယ)၊ ဆာဘား(မလေးရှား)၊ ရိုဗာ(ဂူအမ်)၊ ရာရှ်ရှာဟီစတား(ဘင်္ဂလားဒေ့ရှ်)၊ အုပ်စု(B)တွင် ကာယာ(ဖိလစ်ပိုင်)၊ TSL(ဟောင်ကောင်)၊ ဖနွမ်းပင် ခရောင်း(ကမ္ဘောဒီးယား)၊ FC ILbirs(ကာဂျစ္စတန်)၊ အုပ်စု(C)တွင် ဘာနတ်(ယူအေအီး)၊ PFC NASAF(ဥဇဘက်ကစ္စတန်)၊ မာစတာ(လာအို)၊ ရွိုင်ရယ်သီဖူကောလိပ်(ဘူတန်)၊ အုပ်စု(D)တွင် College of Asian Scholars(ထိုင်း)၊ 4.25 FC(မြောက်ကိုရီးယား)၊ ခါရတ်ဆိုင် (မွန်ဂိုလီးယား)၊ S'AMUSER FC(တီမော)၊ အုပ်စု(E)တွင် ဘမ်ခါတွန် (အီရန်)၊ အီတီဟတ်(ဂျော်ဒန်)၊ အယ်လ်နာဆာ (ဆော်ဒီအာရေဗျ)၊ FC CSKA Dushanbe (တာဂျစ်ကစ္စတန်)၊ အုပ်စု(F)တွင် New Taipei City Hang Yuan(တရုတ်တိုင်ပေ)၊ ဧရာဝတီ(မြန်မာ)၊ FC Jurong (စင်ကာပူ)၊ No Limits(လက်ဘနွန်)တို့ ပါဝင်နေသည်။
နောက်ဆုံးအဆင့်တွင် မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်ကလပ်တစ်သင်းစီက တိုက်ရိုက်ကစားခွင့်ရထားပြီး ခြေစစ်ပွဲအောင် ခြောက်သင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု(F)ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ တစ်ရက်လျှင်နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် ဧရာဝတီ(မြန်မာ)နှင့် FC Jurong (စင်ကာပူ)၊ ည ၇ နာရီတွင် New Taipei City Hang Yuan (တရုတ်တိုင်ပေ)နှင့် No Limits (လက်ဘနွန်)၊ သြဂုတ် ၂၀ ရက် ညနေ ၄ နာရီတွင် ဧရာဝတီ(မြန်မာ)နှင့် No Limits (လက်ဘနွန်)၊ ည ၇ နာရီတွင် FC Jurong (စင်ကာပူ) နှင့် New Taipei City Hang Yuan(တရုတ်တိုင်ပေ)၊ သြဂုတ် ၂၃ ရက် ညနေ ၄ နာရီတွင် ဧရာဝတီ (မြန်မာ)နှင့် New Taipei City Hang Yuan (တရုတ်တိုင်ပေ)၊ ည ၇ နာရီတွင် No Limits (လက်ဘနွန်)နှင့် FC Jurong (စင်ကာပူ)တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံ အရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ခြောက်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
ဧရာဝတီအမျိုးသမီးအသင်းသည် လက်ရှိကျင်းပနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇) အပြီးတွင် အမှတ်ပေးဇယား ဒုတိယနေရာ၌ ရပ်တည်နေပြီး ချန်ပီယံဆု ကာကွယ်နိုင်ရန်အပြင် ပထမဆုံးယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲတွင်ပါ ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်


