ရန်ကုန် စက်တင်ဘာ ၁၃
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို စက်တင်ဘာ ၁၄ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၂ သင်း ပါဝင်မည်ဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲ ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု(B)တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု (C) တွင် တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်အသင်းတို့ ပါဝင်သည်။ အုပ်စုပထမနေ့တွင် တရုတ်တိုင်ပေနှင့် ဗီယက်နမ်၊ အိမ်ရှင် ဂျပန်နှင့် ထိုင်း၊ တောင်ကိုရီးယားနှင့် မြန်မာ၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်နှင့် ဥဇဘက်ကစ္စတန်၊ တရုတ်နှင့် ဟောင်ကောင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာနှင့် တောင်ကိုရီးယားပွဲကို မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုသုံးခုမှ အမှတ်အများဆုံး ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ သုံးသင်းအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စုအနေအထားအရ မြန်မာအသင်းသည် အာရှထိပ်သီးနှစ်သင်းဖြစ်သော တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအသင်းတို့ထံမှ အမှတ်ရယူနိုင်ရန် အခွင့်အရေး နည်းသော်လည်း ပေးဂိုးနည်းရန် ကြိုးပမ်းရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို အနိုင်ကစားနိုင်ပါက အကောင်းဆုံးအုပ်စုတတိယနေရာ ရယူ နိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ - MFF


