ရန်ကုန် စက်တင်ဘာ ၂၁
အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၂၁ ရက်က ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ဂိုးမရှိသရေကျပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာအသင်းသည် ယခုပွဲအနိုင်ရပါ က အကောင်းဆုံးအုပ်စု တတိယနေရာဖြင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်သော်လည်း သရေကျခဲ့သဖြင့် နောက်တစ်ဆင့်တက်ခွင့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်ကို မဖြစ်မနေအနိုင်ရရန် လိုအပ်သော်လည်း နည်းပြချုပ် ကောလင်းဘဲလ်၏ လူထုတ်ပုံ၊ နည်းဗျူဟာပိုင်း မေးခွန်းထုတ်ရမည်ဖြစ်သလို ကစားသမားများ၏ စွမ်းဆောင်ရည်မှာလည်း အနိုင်ရရန် မလုံလောက်ခဲ့ပေ။ ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးများလည်း လွဲချော်ခဲ့သဖြင့် မြန်မာအသင်း နစ်နာခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် အိစန္ဒာဇော်(ဂိုး)၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စုစုကြည်၊ ခင်မာလာထွန်း၊ ဝင်းဝင်း၊ မေထက်လူ၊ လင်းမြင့်မိုရ်၊ ရွှေရည်ထွန်းတို့ကို အသုံးပြုခဲ့ပြီး ကစားသမားအချို့မှာ ပုံမှန်မဟုတ်သည့်နေရာများတွင် ကစားရသဖြင့် အသင်းလိုက်ကစားပုံမကောင်းခဲ့ပေ။ ယခုပွဲ အနိုင်ရသည့်အသင်းမှာ နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်ချက်ရှိသောကြောင့် နှစ်သင်းစလုံး အားထုတ်ကစား ခဲ့သည်။ ဧရာဝတီကစားသမားဟောင်း ရီတူ ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှာ မြန်မာအသင်းခံစစ်ကို အခက်တွေ့အောင် လုပ်နိုင်သော်လည်း ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မြန်မာအသင်းအနေဖြင့် ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးအချို့ရသော်လည်း လွဲချော်ခဲ့ပြီး ပထမပိုင်းတွင် ဝင်းသိင်္ဂီထွန်း၏ အပိုင်ခေါင်းတိုက်ချက်၊ ဒုတိယပိုင်းတွင် မြတ်နိုးခင်၏ အနီးကပ်ကန်သွင်းမှုများမှာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။
မြန်မာအသင်းသည် အုပ်စုသုံးပွဲကစားရာတွင် တစ်ပွဲသရေ၊ နှစ်ပွဲရှုံး တစ်မှတ်သာရခဲ့ပြီး နိုင်ပွဲမရှိ၊ သွင်းဂိုးမရှိဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် တောင်ကိုရီးယားအသင်းကို ငါးဂိုး-ဂိုးမရှိ၊ မြောက်ကိုရီးယားအသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ဂိုးမရှိသရေကျခဲ့ခြင်း ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ၊ ဓာတ်ပုံ - MFF


