အာဖရိကဒေသတွင် ၂၀၃၀ ပြည့်နှစ်၌ အသည်းရောင်အသားဝါရောဂါ အမြစ်ပြတ်ရေးဆောင်ရွက်မည်

အဒစ်အဘာဘာ   ဩဂုတ်  ၂

အာဖရိကဒေသတွင် ၂၀၃၀ ပြည့်နှစ်၌ အသည်းရောင်အသားဝါရောဂါ အမြစ်ပြတ်ရေးအတွက် ဒေသတွင်းဆောင်ရွက်ချက်များအား မြှင့်တင်ရန် အာဖရိကကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

အသည်းရောင်အသားဝါရောဂါ ဘီနှင့် စီတို့သည် ကာကွယ်ကုသနိုင်သည့်ရောဂါများဖြစ်လင့်ကစား ဒေသတွင်း သေဆုံးမှုများ၏ အရင်းခံအကြောင်းအရင်းဖြစ်နေကာ ဝန်ထုပ်ဝန်ပိုးလည်းဖြစ်နေကြောင်း အာဖရိကကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဖရိကဒေသခံ ၆၄ သန်းသည် အသည်းရောင်အသားဝါရောဂါဘီပိုးကူးစက်နေပြီး ၎င်းတို့အနက်မှ ခြောက်ရာခိုင်နှုန်းသာ ရောဂါကူးစက်နေသည်ကို သိရှိကြောင်းနှင့် နှစ်ရာခိုင်နှုန်းသာ ရောဂါကုသမှုခံယူနေကြောင်း အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ရောဂါများကာကွယ်ကုသရာတွင် စိန်ခေါ်မှုတစ်ရပ်မှာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ကိုဖြေရှင်းရန်အတွက် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ပိုမိုကျယ်ပြန့်သည့် ကျန်းမာရေးစနစ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများအောင်မြင်မည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုထုတ်ပြန်ချက်များကို ဇူလိုင် ၂၈ ရက်တွင်ကျရောက်သည့် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါ ကာကွယ်ရေးနေ့တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ