အာဖဂန်တပ်ဖွဲ့များ တိုက်ခိုက်ခဲ့သဖြင့် စစ်သွေးကြွ ငါးဦး သေဆုံး

၂ နိုဝင်ဘာ

 

ကွန်ဒက်ဇ်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ယနေ့တွင် တာလီဘန်စစ်သွေးကြွအုပ်စုကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ငါးဦး သေဆုံးခဲ့သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အက်စ်မာတူလ်လာ မူရာဒီ က ပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွအုပ်စုတစ်စုသည် ကွန်ဒက်ဇ်ပြည်နယ်မြို့တော်အပြင်ဘက် နာဟာအီတာကီ ဒေသတွင် ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီတွင် တစ်နေရာမှအခြားနေရာသို့ ကားဖြင့်မောင်းနှင်နေစဉ် လုံခြုံရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ကြောင်းနှင့်  ဒေသန္တရ တပ်မှူး မူလ်လာ ဒါဒူလ်လာ အပါအဝင် စစ်သွေးကြွငါးဦး သေဆုံးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

 

ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးခြံဝင်းကို တာလီဘန်စစ်သွေးကြွများက ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ရာ ထိုအုပ်ချုပ်ရေးမှူး၏ကိုယ်ရံတော်လေးဦး သေဆုံးခဲ့ပြီး အခြား ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ယင်းပစ်ခတ်မှုပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက စစ်သွေးကြွများကို တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို