အောင်သူ(အား/ကာ)
“ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး” ဆိုသောဆိုရိုးစကားအတိုင်း လူတိုင်း၏အဓိကတာဝန်မှာ မိမိကိုယ်ကိုကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းရန်ဖြစ်သည်။ ထိုသို့ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားသည်မပါမဖြစ်သောကဏ္ဍမှပါဝင်နေပါသည်။
အားကစားသည် ကိုယ်ကာယဖွံ့ဖြိုးရေးအတွက် သာမကစိတ်ဓာတ်ခွန်အား၊ စရိုက်လက္ခဏာကောင်းများပေါ်ထွန်းရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံနိုင်ရေးအတွက်ပါ အထောက်အကူပြုပါသည်။ ထို့ကြောင့် လူငယ်များ၏အနာဂတ်ကို စစ်မှန်သောအောင်မြင်မှုဖြင့် မြှင့်တင်လိုပါက အားကစားကိုအခြေခံသည့် ဘဝ နေထိုင်မှုပုံစံကို အလေးထားမွေးမြူကြရန် လိုအပ်ပါသည်။
လူငယ်ဘဝသည် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးသော အချိန်ကာလဖြစ်ပါသည်။ ဤအရွယ်တွင် ပုံမှန်အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာနိုင်သော ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများမှာ အံ့မခန်းပင်ဖြစ်သည်။
အားကစားပြုလုပ်ခြင်းဖြင့် ကြွက်သားများ သန်မာလာပြီးအရိုးများသိပ်သည်းဆမြင့်မားကာ ပိုမိုခိုင်မာလာစေသည်။ နှလုံးသည် သွေးညှစ်အားကောင်းလာကာ အဆုတ်၏လေညှစ်အား မြင့်တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်ပိုမိုရရှိစေသည်။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိသူများသည် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါစသည့် ရောဂါမျိုးစုံမှ ကင်းဝေးတတ်ကြသည်။ ကိုယ်ခံအားစနစ်လည်း ပိုမိုကောင်းမွန်လာပြီး ရောဂါပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
အားကစားလုပ်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ဇီဝရုပ်ဖြစ်ပျက်မှုများကို မြှင့်တင်ပေးသောကြောင့် နေ့စဉ်လုပ်ငန်း ဆောင်တာများကို ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်စွမ်းရှိစေပါသည်။ အားကစားလုပ်ပြီးနောက် ပင်ပန်းနွမ်း နယ်မှုထက် လန်းဆန်းတက်ကြွမှုကို ပိုမိုခံစားရစေသည်။ အားကစား၏ အကျိုးကျေးဇူးများသည် ရုပ်ပိုင်းဆိုင်ရာ တွင်သာမက စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါများစွာအထောက်အကူပြုနိုင်သည်။
ပညာရေး၊ မိသားစုနှင့် လူမှုရေးဖိအားများကြောင့် ယနေ့လူငယ်များသည် စိတ်ဖိစီးမှုဒဏ်ကို မကြာခဏခံစားနေကြရသည်။ အားကစားလုပ်ခြင်းသည် ဦးနှောက်အတွင်းမှ စိတ်ချမ်းသာမှုကို ဖြစ်စေသော ‘အန်ဒေါ်ဖင်’ ဟော်မုန်းများ ထွက်ရှိစေ ကာ စိတ်ဖိစီးမှုများကို ထိရောက်စွာလျှော့ချပေးနိုင်သည်။
အားကစားတွင် ရည်မှန်းချက်တစ်ခုသတ်မှတ် ပြီးယင်းကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်သည့်အခါ မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝဖြစ်ပေါ်စေပါသည်။ ဤသည်ပင်လျှင်ဘဝ၏အခြား နယ်ပယ်များတွင်ပါ အောင်မြင်မှုရရှိရန် အားဖြစ်စေသည်။
အသင်းနှင့် ကစားရသော အားကစားနည်းများသည် အသင်းဝင်များအကြား ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှု၊ အခြားသူများ၏ စွမ်းရည်ကို အသိအမှတ်ပြုမှုနှင့် အနိုင်အရှုံးကို ဂုဏ်ယူစွာလက်ခံတတ်မှု (Sportsmanship) စသော စိတ်ဓာတ်များကို ပေါ်ထွန်းစေပါသည်။ ဤသို့သော အရည်အသွေးများသည် လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း အောင်မြင်စွာ နေထိုင်သွားနိုင်ရန် အထောက်အကူပြုပါသည်။
အားကစားနှင့် ပညာရေးသည် ခွဲခြား၍မရသောအရာ ဖြစ်သည်။ ပုံမှန်အားကစား လေ့ကျင့်သူ ကျောင်းသားလူ ငယ်များသည် အာရုံစူးစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်လာပြီး သင်ယူမှုစွမ်းရည် မြင့်တက်လာကြောင်း လေ့လာတွေ့ရှိချက်များစွာက သက်သေပြုထားသည်။ အားကစားလုပ်ခြင်းဖြင့် ဦးနှောက်သို့ သွေးစီးဆင်းမှု ကောင်းမွန်စေကာ မှတ်ဉာဏ်အားကောင်းစေပါသည်။
ထို့ပြင် အားကစားမှတစ်ဆင့် ရရှိလာသော စည်းကမ်း၊ ဇွဲလုံ့လ၊ အချိန်စီမံခန့်ခွဲနိုင်မှု စွမ်းရည်နှင့် ရည်မှန်းချက် ထားရှိမှုတို့သည် စာမေးပွဲခန်းအတွင်း သာမက ဘဝ၏စစ်မှန်သော စာမေးပွဲများအတွက်ပါ အဖိုးမဖြတ်နိုင်သော လက်နက်ကောင်းများ ဖြစ်လာစေမည်ဖြစ်သည်။
လူငယ်များသည် နိုင်ငံ၏အနာဂတ်ခေါင်းဆောင် များဖြစ်ကြသည်။ ထိုခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာ စေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်မြင့်မားသောလူငယ်များ လိုအပ်ပါသည်။ အားကစားသည် ဤသို့သော လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်သော အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။
အားကစားသည် လူငယ်များအား မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုနှင့်အခြားသော လူမှုရေးဒုက္ခများမှကာကွယ်ပေးသည့် ကာကွယ်ရေးခံတပ် ကြီးတစ်ခုလည်းဖြစ်သည်။ အားကစားကွင်းအတွင်း ပျော်ရွှင်စွာလှုပ်ရှားနေ သော လူငယ်တစ်ဦးသည် အခြားသောအန္တရာယ်ရှိသည့် အပြုအမူများဘက်သို့ ဦးတည်သွားနိုင်ခြေ အလွန်နည်းပါး သွားစေပါသည်။
နိုင်ငံတကာအဆင့်တွင် အားကစားထူးချွန်သော လူငယ်များသည် နိုင်ငံတော်၏ဂုဏ်ကို ကမ္ဘာ့အလယ်တွင် မြှင့်တင်ပေးနိုင်သော ဂုဏ်ဆောင်သံတမန်များ ဖြစ်လာနိုင်ပါသည်။
လူငယ်များ၏အနာဂတ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ရန် အောက်ပါအချက်များကို စနစ်တကျ ဆောင်ရွက်သင့်ပါသည်-
(က) မိသားစုများအနေဖြင့် ကလေးငယ်များကို ငယ်စဉ်ကတည်းက အားကစားဝါသနာ ပါအောင် အားပေးမြှင့် တင်ပေးရန်၊ အားကစားနည်းတစ်နည်း ကစားနိုင် အောင် အချိန်ပေးရန်နှင့် လိုအပ်သော ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရန်၊
(ခ) ကျောင်းများအနေဖြင့် အားကစားသင်ခန်းစာများကို အရည်အသွေးမြှင့်တင်ပေးရန်၊ အားကစား ပြိုင်ပွဲများ ပုံမှန်ကျင်းပပေးရန်၊ အားကစားပစ္စည်းကိရိယာများ လုံလောက်စွာ ထားရှိပေးရန်၊ ထူးချွန်သော အားကစားသမားလူငယ်များအား အားပေး ဆုချီးမြှင့်ပေးရန်၊
(ဂ) အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် လူငယ်များအတွက် အားကစား အဆင့်မီကွင်းများ တည်ဆောက်ပေးရန်၊ လူငယ်အားကစား ဖွံ့ဖြိုးရေးအစီအစဉ် များ ချမှတ်ဆောင်ရွက်ရန်၊ နိုင်ငံတကာ အဆင့် သင်တန်းများသို့ စေလွှတ် တက်ရောက်စေရန်၊
(ဃ) လူငယ်များအနေဖြင့် မိမိနှစ်သက်ရာ အားကစားနည်းတစ်ခုခုကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပုံမှန် လေ့ကျင့်ကစားမှုပြုရေးကို စိတ်အား ထက်သန်စွာ ပါဝင်ဆောင်ရွက်ကြရန်။
အားကစားသည် လူငယ်တစ်ဦး၏ ဘဝအား အပြည့်အဝပြောင်းလဲမှုဖြစ်စေနိုင်သော လျှို့ဝှက် ချက်တစ်ခု ဖြစ်သည်။ ယင်းသည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်၊ ကြံ့ခိုင်သောစိတ်ဓာတ်နှင့် ကောင်းမွန်သော စရိုက်လက္ခဏာများကို ပုံဖော်ပေး ပြီးပညာရေးနှင့် ဘဝအောင်မြင်မှုအတွက် ခိုင်မာသောအုတ်မြစ်ကို ချပေးနိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို၊ မိသားစုကို၊ လူမှုအသိုင်းအဝိုင်းကို၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသူ လူငယ်တိုင်းသည် အားကစားကို မျက်စိမှိတ်ယုံကြည်ကာ မိမိ၏အနာဂတ်ကို ကိုယ်တိုင်မြှင့်တင်ရန် ယနေ့ကတည်းက စတင်လေ့ကျင့်ကြပါစို့။ ။


