အာဇာနည်နေ့အကြို အတွေး

ဇူလိုင် ၁၄

 

မြန်မာနိုင်ငံသမိုင်းထဲက ရုပ်ဆိုးအကျည်းတန် အဖြစ်ဆုံးဖြစ်ရပ်တစ်ခုသည်ကား အာဏာလောဘဇော တိုက်နေသည့် အကြမ်းဖက်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီးများ နိုင်ငံ့အရေးအတွက် အလေးအနက် ဆွေးနွေးတိုင်ပင်နေသည့် အစည်းအဝေးခန်းထဲထိဝင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြီးပင်တည်း။ လာမည့် ၁၉ ဇူလိုင် ဆိုလျှင် ၇၃ နှစ် ပင် ရှိခဲ့ပြီ။

 

ထိုလုပ်ကြံမှုကြီးက မြန်မာနိုင်ငံ၏ အနာဂတ်ကို နင့်နင့်နဲနဲ ထိခိုက် နစ်နာသွားစေသော ရလဒ်နှင့် အကြမ်းဖက်အုပ်စုဝင်များ ကြိုးစင်ထက်မှာ ဘဝဆုံးခဲ့ရခြင်းတို့ဖြင့် နိဂုံးချုပ်ခဲ့လေသည်။

 

အကြမ်းဖက်လုပ်ကြံခဲ့သည့် ဂဠုန်ဦးစောသည် မြန်မာ့နိုင်ငံရေးလောကတွင် အရေးပါသည့် နေရာတစ်နေရာတွင် ရှိခဲ့ဖူးသော နိုင်ငံရေး သမားတစ်ဦးဖြစ်၏။ ထင်ရှားသော နိုင်ငံရေးသမားတစ်ဦး အဖြစ်မှသည် နိုင်ငံရေးအာဏာ လောဘဇောတက်မှုကို အခြေခံပြီး အာဏာကို လက်နက်ဖြင့် အကြမ်းဖက် ရယူလိုသည့် ကြမ်းတမ်းရိုင်းပျသော သဘောထား၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွားသော မသူတော်တစ်ဦးဘဝသို့ ပြောင်းလဲရောက်ရှိသွားခဲ့သူ ဖြစ်၏။

 

နိုင်ငံရေးသမားတို့ နိုင်ငံရေးလုပ်ကြသည်ဆိုရာတွင် မိမိနှင့်လူမျိုးတို့၏ အကျိုးအတွက် မိမိတို့ယုံကြည်ရာ ဝါဒလမ်းစဉ်တို့ဖြင့် ကြံဆဆောင်ရွက်ရန် ကြိုးပမ်းကြခြင်းဖြစ်၏။ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးမှု၊ စေတနာတို့ကို အရင်းခံခြင်းဖြစ်၏။ မိမိတို့၏ စေတနာအတိုင်း ဆောင်ရွက်လုပ်ကိုင်နိုင်ကြရန် နိုင်ငံရေးအာဏာ လိုအပ်သည်လည်းဖြစ်ရာ နိုင်ငံရေးသမားဟူသည် နိုင်ငံရေးအာဏာကို မျှော်မှန်း လုပ်ကြရသည်သာဖြစ်၏။ သို့သော်လည်း အဆိုပါ နိုင်ငံရေးအာဏာကို ပြည်သူလူထုက နိုင်ငံရေးသမားတို့အား လိုလိုလားလား အပ်နှင်းရန်လို၏။ ပြည်သူလူထုက နိုင်ငံရေးသမားတို့ကို အာဏာလွှဲအပ်သည် ဆိုရာတွင်လည်း ရွေးကောက်ပွဲများတွင် မဲပေးရွေးချယ်မှုက အထူးအရေးကြီးလှပါ၏။

 

ပြည်သူလူထုက လိုလိုလားလား အပ်နှင်းသည့် နိုင်ငံရေးအာဏာဖြင့် တိုင်းပြည်နိုင်ငံ ထူထောင်ခြင်းကသာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ခြင်းကို ရရှိမည်ဖြစ်ပေ၏။ သို့မှသာလျှင် နိုင်ငံရေးခေါင်းဆောင်တို့ တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲကြရာတွင် ထိရောက်ထက်မြက်စွာ ကိုင်တွယ် အလုပ်လုပ်နိုင်မည်ဖြစ်၏။ ထို့ကြောင့် နိုင်ငံရေးအာဏာရယူရာတွင် အာဏာရရှိရေးထက် အာဏာကို မည်သို့မည်ပုံ ရယူမည်လဲဆိုသည်က ပိုမိုအရေးကြီးပေသည်။

 

ပြည်သူလူထုက အပ်နှံပေးအပ်ခြင်း မဟုတ်ဘဲ နိုင်ငံရေးအာဏာကို ရယူလိုသည်ဆိုခြင်းမှာ အာဏာလောဘဇော တိုက်ခြင်းသာဟု ဆိုရပါမည်။ အာဏာလောဘဇော တိုက်ခြင်းက နိုင်ငံတိုးတက်ထွန်းကားဖို့ကို ဦးမတည်နိုင်ချေ။

 

အမျိုးသားခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ရန်လက်မရွံ့ခဲ့ခြင်းကပင် ဂဠုန်ဦးစောတို့ အကြမ်းဖက်အဖွဲ့၏ အာဏာပေါ် အရူးအမူး ဖြစ်မှုကို ဖော်ပြနေ၏။ အာဏာကို အရူးအမူးလိုချင်ခဲ့သည့် စေ့ဆော်မှုကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးအားလုံးကို လုပ်ကြံရန် စီစဉ်စေခိုင်းခဲ့ခြင်းဖြစ်၏။

 

ထိုကြမ်းတမ်းရက်စက်သော အတွေးနှင့် လုပ်ဆောင်မှုကနိုင်ငံ၏ အနာဂတ်ကို မည်မျှလောက် နစ်နာဆုံးရှုံးခဲ့စေသည် ဆိုသည်ကို မြန်မာနိုင်ငံသားတို့ ရင်နှင့်ရင်း၍ သိနားလည်ခဲ့ပြီ ဖြစ်ပါသည်။

 

အမှန်တော့ နိုင်ငံရေးအာဏာဆိုသည်မှာ ပြည်သူလူထုအများစု၏ အားပေးရွေးချယ်နည်းမှလွဲလျှင် တခြားနည်းဖြင့် ရယူဖို့ မစဉ်းစားထိုက်သည့်အရာ ဖြစ်သည်။ လူထုက ရွေးချယ်ပေးအပ်ခြင်း မဟုတ်ဘဲ လက်နက်အားကိုးဖြင့် အာဏာရယူလိုခြင်းဆိုသည်က အကြမ်းဖက်မှုသည်သာ။ ။

 

နိုင်ငံရေးအာဏာကို မည်သည့်အကြောင်းကြောင့်ဖြင့် ရယူလိုသည်ဖြစ်စေ၊ ပြည်သူလူထုက မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခြင်းကသာ မှန်ကန်သောနည်းလမ်း ဖြစ်ပေလိမ့်မည်။

 

နိုင်ငံရေးအာဏာကို ရယူထားသူများတွင် ပြည်သူလူထု ထောက်ခံမှုရှိသလို ကန့်ကွက်သူလည်း ရှိမည်သာတည်း။ ထောက်ခံသူများလျှင် အာဏာကို ကိုင်စွဲထားနိုင်မည်ဖြစ်ပြီး ကန့်ကွက်ဆန့်ကျင်သူများလျှင် အာဏာကို စွန့်လွှတ်ကြရမည်သာ။ အာဏာကို ရယူလိုစိတ်ဖြင့် သို့မဟုတ် အာဏာကို ဖက်တွယ်ထားလိုစိတ်ဖြင့် လူထုထောက်ခံမှုကို အားမကိုးဘဲ လက်နက်အင်အားကို အားကိုးခြင်း၊ အကြမ်းဖက်ခြင်းတို့က မည်သို့မျှ ရလဒ်ကောင်း မရနိုင်ဆိုသည်ကို ပြည်သူတို့ ရင်နှင့်ရင်း၍ သိနားလည် ခဲ့ကြပြီ။

 

နိုင်ငံနှင့်လူမျိုးအတွက် တာဝန်အမျိုးမျိုး ထမ်းရွက်အနစ်နာခံရင်း အသက်စွန့်ခဲ့ကြရသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဟန်းရှင်လူ ပြည်သူများကို ကြည်ညို အလေးအမြတ်ပြုရင်း နိုင်ငံရေးအာဏာကို အကြမ်းဖက်ရယူမှု မှန်သမျှကို ဆန့်ကျင်သွားကြမည်ဟု အဓိဋ္ဌာန်ပြုကြပါစို့။ ။

 

မြန်မာ့အလင်း