အာဇာနည်၊ ပြည်ထောင်စုကြီး၏ဗိသုကာ

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နှစ်ပေါင်းထောင်ချီသည့် ရာဇဝင်တစ်လျှောက်တွင် တစ်တိုင်းပြည်လုံး စည်းလုံးညီညွတ်ခဲ့သည့် ခေတ်ကာလ လေးကြိမ်ရှိခဲ့ဖူးသည်ဟုဆိုထားသည်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ် နေချိန်တွင် တိုင်းတစ်ပါးနယ်ချဲ့တို့၏ ထိပါးစော်ကားမှုကို အနည်းငယ်မျှမခံ တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။ စည်းလုံးညီညွတ်မှု လျော့ပါးသောအခါတွင် အကြိမ်ကြိမ်ထိပါး စော်ကားခံခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင် အထင်အရှားတွေ့နိုင်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို လေးကြိမ်တိုင်တိုင် စုစည်းတည်ထောင်ခဲ့ရသည်ဟု သမိုင်းမော်ကွန်းရေးထိုးထားသည်။ ပထမမြန်မာ နိုင်ငံတော်ကို ပုဂံခေတ်တွင် အနော်ရထာမင်းမြတ်က လည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်ကို တောင်ငူခေတ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာက လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျကလည်းကောင်း စုစည်းတည်ထောင်ခဲ့ကြသည်။

ထိုသို့ နှစ်ပေါင်းထောင်ချီ စုစည်းတည်ထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးသည်ကုန်းဘောင်ခေတ်နောက်ဆုံးမင်းဆက်သီပေါမင်း လက်ထက်တွင် မြန်မာနိုင်ငံအား ဗြိတိသျှစစ်တပ်ကြီးက လက်နက်အားကိုးဖြင့် သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး နယ်ချဲ့ကျွန်သပေါက်ဘဝသို့ လုံးလုံးလျားလျား ကျရောက်သွားတော့သည်။ မြန်မာနိုင်ငံ စည်းလုံးညီညွတ်မှုပြိုကွဲ၍ တိုင်းပြည်ကြီး တစ်စတစ်စ ကျွန်ဘဝသို့ ရောက်ရှိသွားခဲ့ရသည်မှာ နှစ်ပေါင်းတစ်ရာကျော်မျှတိုင် ကြာမြင့်ခဲ့သည်။

ကျွန်ဘဝ၌ နှစ်ပေါင်းတစ်ရာကျော် နေခဲ့ရပြီးကာလတွင် မြန်မာနိုင်ငံကို လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည်စုစည်း တည်ထောင်ခဲ့သော လွတ်လပ်ရေး ဗိသုကာတစ်ဦး ပေါ်ပေါက်လာသည်။ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား အာဇာနည်သူရဲကောင်းများကဲ့သို့ပင် စတုတ္ထအကြိမ် ပြန်လည်စုစည်း တည်ထောင်ခဲ့သူမှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်၌ မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံးကို ဖဆပလအလံတော်အောက်၌ တစည်းတလုံးတည်း စည်းရုံးပေးနိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ခေါ် သခင်အောင်ဆန်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးဦးဆောင်မှုမှာ အထူးပြောဖွယ်မလို အားလုံးသိရှိကြပြီး ဖြစ်သည်။ သခင်အောင်ဆန်း၏ ဖြူစင်သည့်စေတနာ၊ တည်ကြည်သည့် သမာဓိ၊ ထူးချွန်သည့် ရဲစွမ်းသတ္တိတို့အားကိုးဖြင့် ကျွန်ုပ်တို့၏တစ်သက်တွင် တစ်ခါမှမကြုံဖူးလောက်အောင် တစ်တိုင်းပြည်လုံး ထူးထူးကဲကဲ စည်းလုံးညီညွတ်ခဲ့ကြပါသည်။ ရှမ်း၊ ချင်း၊ ကချင်အစရှိသည့် တောင်ပေါ် တိုင်းရင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးမှုကြောင့် ဗမာများနှင့် ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြသည်။ ကရင်၊ ကယား၊မွန်၊ ရခိုင်တို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တစ်မျိုးသားလုံးနှင့် ပိုမိုရင်းနှီးသွေးစည်းခဲ့ကြသည်။

မြန်မာလူထုနှင့် ဗိုလ်ချုပ်၊ ဗိုလ်ချုပ်နှင့် မြန်မာလူထု ခွဲမရလောက်အောင် တစ်သားတည်း ဖြစ်ခဲ့သည်။ ထိုသို့ တစ်သားတည်းဖြစ်နေချိန်တွင် ဗိုလ်ချုပ်နှင့် လူထုကိုသော်လည်းကောင်း၊ လူထုနှင့် လူထုကို သော်လည်းကောင်းအယူဝါဒပြင်းထန်သူ၊ အာဏာမက်မောသူနှင့် မသမာ သူတို့က ရှင်ကွဲ၊ သေကွဲကွဲအောင် ဖန်တီးခဲ့ကြသည်ကို မြန်မာ့သမိုင်းစာမျက်နှာများတွင် ဆိုးညစ်ဖွယ်ရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ကြေကွဲမှုများအဖြစ် တွေ့မြင်ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အသက်နှင့်ရင်းကာ တိုင်းပြည်စည်းလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ပြီး လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ချူနိုင်အောင် ဖန်တီးပေးခဲ့ပေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးမြတ်သည့် နိုင်ငံရေးဂုဏ်ဒြပ်ကို မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအများက ဦးလည်မသုန်၊ အမြဲမပြတ်၊ လေးစားတန်ဖိုးထားလျက်၊ တန်ဖိုးထားခဲ့၊ တန်ဖိုးထားဆဲ ဖြစ်သည်။ တိုင်းပြည် ကျွန်ဘဝမှလွတ်မြောက်ရေး၊ တိုင်းပြည်လွတ်လပ်ရေး အတွက် တစ်တိုင်းပြည်လုံး၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ပေးခဲ့သော အာဇာနည်၊ ပြည်ထောင်စု ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်ုပ်တို့ပြည်သူများက မည်သို့ပြန်လည်န်လည်ပေးဆပ်ခဲ့ပါသနည်း။ မည်သို့ ပြန်လည် ကျေးဇူးတုံ့ပြန်ခဲ့ကြပါသနည်း။

မြန်မာ့လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပေါ် သူ့နိုင်ငံ၊ သူ့ပြည်သူ၊ သူ့လူထုက တုံ့ပြန်ခဲ့သော ကျေးဇူးသိတတ်မှု၊ ပြန်လည်အလေးပြု ပေးဆပ်ခဲ့မှုတို့မှာ နှစ်ပေါင်း ၇၀ ကျော်ကြာ ယနေ့ထက်တိုင် တစည်းတလုံးတည်းရှိနေဆဲဖြစ်ကြောင်း၊ ကမ္ဘာတည် သရွေ့လည်း ဆက်လက်စည်းလုံးညီညွတ်စွာ နေသွားမည်ဟု သစ္စာပြုကြ စေလိုပါကြောင်း.......။

km