အာဆင်နယ်မှ ထွက်ခွာခဲ့ရတဲ့ နောက်ကွယ်ကအမှန်တရားကို ဆက်ဂ်ညာ ထုတ်ဖော်ပြောကြား

၃၁  မတ်

နောက်တန်းကစားသမား ဆက်ဂ်ညာဟာ ၂၀၁၄ ခုနှစ်က သူချစ်တဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ရတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးချိန်မှာ ကလပ်အသင်းရဲ့ မလိုလားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ဆက်ဂ်ညာအနေနဲ့ အာဆင်နယ်အသင်းက နေထွက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ညာနောက်ခံ ကစားသမား ဆက်ဂ်ညာဟာ ၂၀၀၇ ခုနှစ်မှာ လန်ဒန်မြေကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ ညာခြမ်းခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပရီမီယာလိဂ်မှာ အကောင်းဆုံး နောက်တန်းကစားသမားတွေထဲကတစ်ဦးအဖြစ် နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။

နောက်တန်း ကစားသမား ဆက်ဂ်ညာဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တို့မှာ ပရီမီယာလိဂ်ရဲ့ အကောင်းဆုံး ကစားသမားစာရင်းဝင်ဖြစ်ခဲ့ပြီး အာဆင်နယ်အသင်းမှာ ခုနစ်နှစ်ကြာဖြတ်သန်းခဲ့ရာမှာတော့ ပွဲစဉ် ၂၈၄ ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နွေရာသီအပြောင်း အရွှေ့ကာလအတွင်းမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးအသင်းနဲ့အတူ သုံးနှစ်ကြာဖြတ်သန်းခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်မှာ အီတီဟက်ဒ်ကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆက်ဂ်ညာဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ထက် ဆက်နေဖို့အခွင့် အလမ်းမသာခဲ့လို့သာ အာဆင်နယ် အသင်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာတာ ဖြစ်ပါ တယ်။

ဆက်ဂ်ညာဟာ မွန်ရီးယဲလ်အသင်းနဲ့အတူ နှစ်ရာသီကြာဖြတ်သန်းခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။ လတ်တလော အခြေအနေကတော့ ဆက်ဂ်ညာဟာ သူ့ရဲ့မိသားစုနဲ့အတူ ကနေဒါမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။

ငွေကြယ်