အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ခရီးစဉ် လာရောက်

နေပြည်တော် အောက်တိုဘာ ၂၈

 

၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ လူသားချင်းစာနာမှုခရီးစဉ် လာရောက်လျက်ရှိသည်။

 

အထူးကိုယ်စားလှယ်နှင့်အဖွဲ့ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် AHA Centre မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များ ပါဝင်သော အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN Monitoring Team-AMT) နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ် ညိုမီးဘုရားကုန်းကျေးရွာတို့၌ AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ပေးအပ်သော လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်၊ မိသားစုသုံးပစ္စည်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို အကူအညီလိုအပ် နေသူများထံ ထောက်ပံ့ပေးအပ်နေမှုများကို လေ့လာ ကြည့်ရှုသည်။

 

ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် တောင်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ရောက်ရှိခဲ့သည်။ နေပြည်တော်လေဆိပ်သို့ ရောက်ရှိချိန်တွင် အထူး ကိုယ်စားလှယ်နှင့် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

 

သတင်းစဉ်