အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ နှစ်ကျော့စလုံးကို ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ လက်ခံကစားမည်

ရန်ကုန်   ဩဂုတ်   ၉

မြန်မာကလပ်  ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး လာအိုကလပ်အသင်းက   အိမ်ကွင်းလက်ခံကျင်းပခြင်းမရှိသဖြင့်  နှစ်ကျော့စလုံးကို အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့် ပုံစံအရ နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၄ သင်းဖြင့် ကျင်းပမည်ဖြစ်ရာ ၁၂ သင်းမှာ တိုက်ရိုက်ကစားခွင့်ရပြီး မြန်မာ၊ လာအို၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းကလပ်တို့မှာ ခြေစစ်ပွဲအဆင့်မှ ကစားရကာ နှစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲ မဲခွဲထားမှုအရ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်း၊ ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့်  ဘရူနိုင်းကလပ်  ကာဆူကာအသင်းတို့ တွေ့ဆုံနေသည်။ ခြေစစ်ပွဲကို စက်တင်ဘာ ၁၁ ရက်နှင့် ၁၄  ရက်တို့တွင် နှစ်ကျော့ကျင်းပမည်ဖြစ်ပြီး  လာအိုကလပ်အသင်းသည် အိမ်ကွင်း လက်ခံကစားခြင်းမရှိသဖြင့်  နှစ်ကျော့စလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။  နောက်ဆုံးအဆင့် အုပ်စုမဲခွဲထားမှုအရ အုပ်စု(A)တွင် ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ ရတ်ချာဘူရီ(ထိုင်း)၊  ကူချင်းစီးတီး(မလေးရှား)၊  တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊  ဘော်နီယို (အင်ဒိုနီးရှား)၊ ခြေစစ်ပွဲဖြစ်သည့်  ဖိလစ်ပိုင်ကလပ် မနီလာဒီဂါအသင်းနှင့် ဘရူနိုင်းကလပ် ကာဆူကာအသင်းပွဲမှ အနိုင်ရသည့်အသင်း၊ အုပ်စု(B)တွင် Port (ထိုင်း)၊ ဂျိုဟိုး ဒါရူးလ်(မလေးရှား)၊ Lion   City   Sailors (စင်ကာပူ)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ ပါဆစ် (အင်ဒိုနီးရှား)၊ Preah Khan Reach   Svay   Rieng (ကမ္ဘောဒီးယား)၊ ခြေစစ်ပွဲဖြစ်သည့်  မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra အသင်းပွဲမှ အနိုင်ရသည့်အသင်းတို့ ပါဝင် နေသည်။

မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ  ပြန်လည်ကျင်းပသည့် သုံးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရထားပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင် နောက်ဆုံးအဆင့်အုပ်စုသို့  တက်ရောက်ခွင့်ရသော်လည်း   အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။   ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများစွာပြုလုပ်နေပြီး ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များစွာ အင်အားဖြည့်တင်းထားသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - SUFC