ပုသိမ် စက်တင်ဘာ ၃၀
အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ် - ၃(၂ဝ၂၅) အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသော ဆန် ၁၃ဝ၉ ဒသမ ၃၃၉ တန်အား ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ရန် စိုက်ပျိုးရေးဦးစီးဌာန မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယခုကဲ့သို့ အာဆီယံအပေါင်းသုံး အရေးပေါ် ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများကို လာရောက်ထောက်ပံ့သည့် APTERR အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရကိုယ်စား၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားနှင့် ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က APTERR Tier 3 Program အကြောင်း ရှင်းလင်းတင်ပြပြီး APTERR အတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေမန်နေဂျာ Dr.Choomjet karnjanakesorn နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ ပထမအတွင်းဝန် Mr.Wang Xianzhong က လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ Tier 3 ဆန်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ရာ ကျေးဇူးတင်ဂုဏ်ပြုလွှာနှင့် ဒေသထွက် လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါ APTERR သည် အာဆီယံ ၁၀ နိုင်ငံနှင့် အပေါင်းသုံးနိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ် နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ချိန်တွင် လိုအပ်သည့်ဒေသများသို့ အရန်ဆန်များ ထောက်ပံ့ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သည်။
ထို့အတူ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းအတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၊ တိုင်း/ ပြည်နယ်/ မြို့နယ် ဂီတအစည်း အရုံးများမှ ဒုတိယအကြိမ် ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ငွေကျပ် သိန်းတစ်ထောင်ခန့် တန်ဖိုးရှိသော ဆေးဝါး၊ အဝတ် အထည်နှင့် စားသုံးကုန်ပစ္စည်းများ၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MHFTSA) တို့က ငွေကျပ်သိန်း ၁၅ဝ ကို လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်တက္ကသိုလ် အမှတ်စဉ်(၂၂)မှ အရာရှိများနှင့် မိသားစုများ၊ Golden Land Group၊ Royal Sky ကုမ္ပဏီ လီမိတက်၊ Dagon Golf City ဝန်ထမ်းမိသားစု၊ ဦးမောင်မောင်ကျော် (CEO, Dagon Golf Club)၊ ကိုဘော်ဘော်မိသားစု၊ ဦးဘိုဘိုထက်တို့က အလှူငွေများကို လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ ရန်ကုန် - ပုသိမ် ကားလမ်းဘေး ဝဲ/ယာရေမြောင်း၊ ပုသိမ်မြို့အဝင် “ရိုးသားကြိုးစား ဧရာဝတီသား” ဆိုင်းဘုတ်မှ ဒိုက်ထူတိုးဂိတ် လမ်းဘေးဝဲ/ယာရေမြောင်းများ၊ မဟာစေတီလမ်း(မြို့ပတ်လမ်း)ရှိ ငါးကျီးထူချောင်းတို့၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်နှင့် နုန်းမြေများ ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


