(၇၃)နှစ်မြောက် အာဇာနည်နေ့ အကြိုဆောင်းပါး

အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်

 

ဟင်္သာတမြို့ အေဘီအမ်စာသင်ကျောင်း၌ စတင်ပညာသင်သည်။ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ဝါသနာအရ ဘားမားရိုင်ဖယ်စစ်တပ်ထဲ ဝင်ရာ မိဘများသဘောမတူ၍ တပ်မှထွက်ခဲ့ရသည်။ ထို့နောက် ရန်ကုန်မြို့ အေစကော့ဘိလပ်ရည်ကုမ္ပဏီတွင် အလုပ်ဝင်သည်။

၁၉၂၃ ခု ဧပြီလ ၂ ရက်တွင် ယုန်သလင်းရွာမှ မန်းဘိုးညွန့်နှင့် ဒေါ်နန်းကီး တို့၏ သမီး နမ့်အေးလုံ(မအေးလုံ) ခေါ် နမ့်စိန်ကြည်နှင့် လက်ထပ်သည်။ သားသမီး ရှစ်ဦး ထွန်းကားသည်။

ကရင်စာသင်ကျောင်းတည်ထောင်
၁၉၂၆ ခုနှစ်တွင် ရန်ကုန်မြို့ အေးစကော့ကုမ္ပဏီ၌ လစာ ၂၅၀ ဖြင့် လက်ထောက်မန်နေဂျာအဖြစ် အမှုထမ်းသည်။ ထိုစဉ် ကရင်အမျိုးသား စာရေးတစ်ယောက်နှင့်ပတ်သက်ပြီး ကုမ္ပဏီအရာရှိ မစ္စတာလစ်ဗင်းစတုံးက ကရင်လူမျိုးအားလုံးကို သိမ်းကျုံးစော်ကားသောစကားကြားရရာ မကျေနပ်၍ ကုမ္ပဏီမှနုတ်ထွက်ခဲ့သည်။ ဇာတိ ဟင်္သာတမြို့နယ် ယုန်သလင်းရွာပြန်ပြီး ညီအစ်ကိုများ စုပေါင်းကာ အောင်ခင်ဘရားသား ရှပ်ဆိုင်တည်ထောင်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ကြယ်တာရာကားလိုင်း တည်ထောင်သည်။ လူမှုရေး အနေဖြင့် လူငယ်များအတွက် ကရင်စာသင်ကျောင်းတည်ထောင်၍ ကိုယ်တိုင် စီမံအုပ်ချုပ်သည်။ ရန်ကုန်ရှိ ကရင်အမျိုးသားခေါင်းဆောင် ဆစ်ဒနီလူနီ၊ သရာရွှေဘတို့နှင့် ဆက်သွယ်ပြီး မြစ်ဝကျွန်းပေါ် မြို့ရွာများတွင် မွန်၊ ကရင် အသင်းအဖွဲ့များ တည်ထောင်သည်။ ယုန်သလင်းရွာ ငွေစုငွေချေးသမဝါယမ အသင်းကိုလည်း ဦးဆောင်တည်ထောင်သည်။ မြစ်ဝကျွန်းပေါ် ကရင် အမျိုးသားများအတွက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်သည်။

၁၉၃၆ ခု နိုဝင်ဘာလ ၉၁ ဌာန အုပ်ချုပ်ရေးသစ် ရွေးကောက်ပွဲ၌ မအူပင် မြောက်ပိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်သည်။ ကရင်အမျိုးသား မန်းထွန်းခင်နှင့် ယှဉ်ပြိုင်ရွေးကောက်ခံရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၃၇ ခု ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပုသိမ်မြောက်ပိုင်း ကရင်လူမျိုးစုနယ်မှ အောက်လွှတ်တော်ဥပဒေပြုအမတ် ကရင်အမျိုးသား သရာရွှေဘကို ဘုရင်ခံက အထက်လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုလစ်လပ်သွားသောနေရာအတွက် ၁၉၃၇ ခုနှစ် မေလ ၁ ရက် တွင် ကြားဖြတ်ရွေးကောက်ပွဲ ထပ်မံကျင်းပရာ မန်းဘခိုင် အနိုင်ရ၍ ဥပဒေပြု အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ ၁၉၃၇ ခုနှစ်မှ ၁၉၄၂ ခုနှစ် ဂျပန်ဝင်လာ သည့်တိုင် အောက်လွှတ်တော် ဥပဒေပြုအမတ်အဖြစ် မြစ်ဝကျွန်းပေါ် ကရင် တိုင်းရင်းသားများ၏ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက် သည်။ စီးပွားရေးလုပ်ငန်းအနေဖြင့် ဟင်္သာတမှ ရန်ကုန်လှေဖြင့် ငှက်ပျောခိုင် ရောင်းချသည့် ငှက်ပျောကုန်သည်လုပ်ငန်း လုပ်ကိုင်သည်။

၁၉၃၈ ခုနှစ် မတ်လ ၂၃ ရက်တွင် ပဲခူးမြို့ သူဌေး ဦးအဖောက်၊ ဒေါ်သိန်းမေ တို့၏ သမီးထွေး မခင်နီနှင့် ဒုတိယအကြိမ် အိမ်ထောင်ပြုသည်။ သားသမီး နှစ်ဦး မောင်စိန်ခိုင်နှင့် မမြင့်မြင့်ခိုင် ထွန်းကားသည်။
၁၉၄၀ ပြည့်နှစ် ဇွန်လ ၁ ရက် ဟင်္သာတစီရင်စု ဇလွန်မြို့နယ် ဒေါင့်ကြီး တရားပွဲ ၌ သခင်အောင်ဆန်းကို အစိုးရအကြည်ညိုပျက်အောင် ဟောပြောမှုဖြင့် ဟင်္သာတ ရာဇဝတ်ဝန် ဇာဗီးယား (D.W.Harrison Xavier)က ဇွန် ၂၉ ရက်စွဲနှင့် ရာဇဝတ်ပုဒ်မ ၁၂၄ (က)အရ ဆုငွေ ၅ ကျပ်ဖြင့် ဝရမ်းထုတ်သည်။ ထိုအချိန်တွင် သခင်အောင်ဆန်းသည် မြေအောက်လှုပ်ရှားမှု(ယူဂျီ) အတွက် ရန်ပုံငွေရှာရန် သခင်တင်မောင် (ကျုံမငေး) နှင့်အတူ ဒေါင့်ကြီးရွာ သခင်လှထွန်းထံ ရောက်နေ သည်။ အဖမ်းမခံဘဲ ရန်ကုန်ပြန်ရန်စီစဉ်ရာ ရထားလမ်း၊ သင်္ဘောလမ်းများ၌ အစောင့်များ ချထားသည်နှင့် ကြုံရသည်။ နောက်ဆုံး သခင်တင်မောင်နှင့် ရင်းနှီးရာ ဟင်္သာတ ရာဇဝတ်ဝန်ထောက် ဦးလှတောထံ သွားရောက်အကူအညီ တောင်းသည်။ ရာဇဝတ်ဝန်ထောက်ကတော် မာရီလှတော (ဒေါ်ခင်ခင်ဦး) ကိုယ်တိုင်ကားမောင်း၍ ယုံကြည်စိတ်ချရသည့် ယုန်သလင်းရွာ ကရင်အမျိုးသား မန်းဘခိုင်ထံ ပို့ဆောင်ပေးသည်။ မန်းဘခိုင်က သခင်အောင်ဆန်းနှင့် သခင် တင်မောင်ကို ငှက်ပျောလှေဖြင့် ရန်ကုန်အရောက် ပို့ဆောင်ပေးခဲ့သည်။

အတွင်းဝန်အဖြစ် ခန့်အပ်ခံရ

၁၉၄၀ ပြည့်နှစ် စက်တင်ဘာလ ၇ ရက်တွင် ကျင်းပသည့် အောက်လွှတ်တော် အစည်းအဝေး၌ နန်းရင်းဝန် ဦးပုဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် ဂဠုန် ဦးစော၏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခံရသည်။ စက်တင်ဘာ ၉ ရက်တွင် ဂဠုန်ဦးစောဦးဆောင်သည့် ညွန့်ပေါင်းအစိုးရတက်လာသည်။ နန်းရင်းဝန် ဦးစော၏ ညွန့်ပေါင်းအစိုးရတွင် ကရင်အမျိုးသား စောဖေသာ (၁၉၀၀-၁၉၄၂) သည် တရားရေးဝန်ကြီး ဖြစ်လာသည်။ ၁၉၄၁ ခုနှစ်တွင် မန်းဘခိုင်သည် တရားရေးဝန်ကြီး စောဖေသာ၏ အတွင်းဝန်အဖြစ် ခန့်အပ်ခံရသည်။

ဂျပန်ခေတ် ၁၉၄၂-၄၄ တွင် ရန်ကုန် ပုဇွန်တောင် အေးတံတားအနီး ငှက်ပျောရွဲလုပ်ငန်း လုပ်ကိုင်သည်။ ဗုံးဒဏ်ကြောင့် ဟင်္သာတ ယုန်သလင်းရွာ၌ ပြောင်းရွှေ့နေထိုင်သည်။ ဟင်္သာတခရိုင် ဖက်ဆစ်တော်လှန်ရေးအတွက် ယုန်သလင်းအပိုင် ခမောက်စုကျေးရွာရှိ မန်းဘခိုင်၏ နေအိမ်၌ ဗိုလ်အောင်မင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်လှကြည်၊ ကိုမောင်ကြီး၊ ဟင်္သာတဦးမြတို့နှင့်အတူ စီစဉ်ဆောင်ရွက်သည်။ မန်းဘခိုင်၏သား စချစ်ခင်ခိုင်သည် ဗိုလ်ခင်ဝင်း အမည်ဖြင့် ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

 

ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာ

ဖက်ဆစ်တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ရန်ကုန်မြို့ ဗဟန်းရပ် ကန်တော်ကြီးစောင်း နေသူရိန်ကဇာတ်ရုံ၌ ဖတပလ အဖွဲ့ကြီးက ကြီးမှူး၍ လူထုအစည်းအဝေးကြီးကျင်းပရာ နေသူရိန်ညီလာခံဟု အမည်တွင်သည်။ ထိုညီလာခံက ဖတပလကို ဖဆပလအမည်ပြောင်း၍ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ၂၁ ဦးကို ၃၆ ဦးအထိ တိုးချဲ့ရာ သရာသာထိုနှင့် အတူ မန်းဘခိုင်သည် ကရင်အမျိုးသားကိုယ်စားပြု ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖဆပလမြစ်ဝကျွန်းပေါ် စည်းရုံးရေးတာဝန်ခံအဖြစ် သခင်ဝတင်၊ ဦးဘဆွေ၊ ဟင်္သာတဦးမြတို့နှင့် အတူ စည်းရုံးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ဦးလူနီလမ်း အိမ်နံပါတ် ၂ ၌ ကရင်အမျိုးသားဗဟိုအဖွဲ့(ကေစီအို) စတင် ဖွဲ့စည်းရာ မန်းဘခိုင်သည် အမှုဆောင်ကော်မတီဝင်ဖြစ်လာသည်။ ကေစီအို က ကရင်လူငယ်များကို စုစည်းပြီး ကေဝိုင်အို ထပ်မံဖွဲ့စည်းသည်။ အသစ် ဖွဲ့စည်းသည့် ကေဝိုင်အိုဥက္ကဋ္ဌ စောထွန်းစိန်သည် ပြန်လည်ဖွဲ့စည်းသည့် တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရာ မန်းဘခိုင်သည် ကေဝိုင်အို ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ အတွင်းရေးမှူးမှာ သရာသာထို ဖြစ်သည်။

၁၉၄၆ ခုနှစ် မတ်လ ၂၀ မှ ၂၈ ရက်အထိ ရှမ်းပြည်(တောင်ပိုင်း) ပင်လုံမြို့၌ တောင်တန်း တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား သခင်နု၊ ဦးဘဂျမ်း တို့နှင့်အတူ ဖဆပလကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ပင်လုံ အစည်းအဝေးမတိုင်မီ ကြိုတင်ရောက်ရှိရာ ရှမ်းပြည်လူငယ်ခေါင်းဆောင် ကိုတင်အေး၊ ကိုဖေခင်တို့နှင့်တိုင်ပင်၍ ကရင်နီ(ကယား)နယ်သို့ သွားရောက် ခဲ့သည်။ ကရင်နီနယ်တွင် ကရင်နီခေါင်းဆောင်များနှင့် လွတ်လပ်ရေးကိစ္စများ တွေ့ဆုံဆွေးနွေး၍ ဖဆပလလုပ်ငန်းစဉ်များ ဟောပြောစည်းရုံးသည်။ မန်းဘခိုင်က မိမိတို့ မြေညီကရင်များဟာ မြန်မာများနှင့်ပူးပေါင်းပြီး မြန်မာပြည် လွတ်လပ်ရေးအရယူမည့်အကြောင်း၊ တောင်တန်းသားများ ပြည်မနှင့်ပူးပေါင်းဖို့ အရေးကြီးလာပြီဖြစ်ကြောင်းဟောပြောစည်းရုံးသည်။

 

အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်

၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဖဆပလ ဗဟိုဦးစီးအဖွဲ့သည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ဝင်ရောက်ပြီး ယာယီအမျိုးသားအစိုးရ ရာထူးလက်ခံရန် ဆုံးဖြတ်ရာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ ဦးဘအုန်း(မျိုးချစ်)၊ သခင်မြ၊ ဦးရာဇတ်၊ ကိုညိုထွန်း(ရခိုင်)၊ ကိုသိန်းဖေ(မြင့်)၊ ဦးအေး(မျိုးချစ်)တို့နှင့်အတူ မန်းဘခိုင် ရွေးချယ်ခံရသည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ယာယီအမျိုးသားအစိုးရအဖွဲ့၌ အလုပ်သမားနှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ယာယီအမျိုးသားအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ အလုပ်သမားနှင့် စက်မှု လက်မှုဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးအပ်ခံရသည်။

၁၉၄၇ ခုနှစ် ဧပြီလ ၆ ရက်တွင် ကရင်ဗဟိုအဖွဲ့ချုပ် (ကေစီအို) ကရင် လူငယ်များအစည်းအရုံး(ကေယူအို)၊ ကရင်အမျိုးသားအစည်းအရုံး ခေါ် ဒေါကလူအဖွဲ့(ကေအင်န်အေ) တို့ပေါင်း၍ ကရင်အမျိုးသားအဖွဲ့ချုပ် (ကေအင်န်ယူ) တည်ထောင်ရာ မန်းဘခိုင်သည် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။ ဥက္ကဋ္ဌမှာ စောစံဖိုးသင်၊ အတွင်းရေးမှူးမှာ သရာသာထို ဖြစ်သည်။

ကေအင်န်ယူအတွင်း ကရင်ပြည်နယ်နှင့်ပတ်သက်၍ သဘောကွဲလွဲရာ စောစံဖိုးသင်၊ မန်းဝင်းမောင်၊ စောကျော်စိန်၊ စောစိန်တင် တို့နှင့်အတူ မန်းဘခိုင်သည် ကေအင်န်ယူမှ ထွက်ခဲ့သည်။ ကေအင်န်ယူမှာ စောဘဦးကြီး၏ ဦးဆောင်မှုနှင့် ကျန်ရစ်သည်။ ကေအင်န်ယူသည် ၁၉၄၇ ခုနှစ် ဧပြီ ၉ ရက်တွင် ကျင်းပသော တိုင်းပြုပြည်ပြုရွေးကောက်ပွဲကို သပိတ်မှောက်၍ ကေဝိုင်အိုက ဝင်ရောက်ယှဉ်ပြိုင်ရာ မန်းဘခိုင်သည် ဟင်္သာတကရင်သီးသန့် မဲဆန္ဒနယ်က တိုင်းပြု ပြည်ပြု လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်စနေနေ့ နံနက်တွင် ရန်ကုန်မြို့ အတွင်းဝန် များရုံး၌ ဗိုလ်ချုပ်ဦးဆောင်၍ ဝန်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ၁၀ နာရီ ၃၇ မိနစ်၌ မသမာသူ လူသတ်သမားတစ်စု၏ လုပ်ကြံမှုဖြင့် ဝန်ကြီး မန်းဘခိုင်သည် ဗိုလ်ချုပ်အပါအဝင် ဝန်ကြီး ၆ ဦးနှင့်အတူ တိုင်းပြည်အတွက် အသက်ပေးခဲ့ရပါသည်။

ဝန်ကြီး မန်းဘခိုင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးလုံနှင့် သားသမီး ရှစ်ဦး(စချစ် ခင်ခိုင်၊ နန့်ခင်ရီခိုင်၊ စချစ်တင်ခိုင်၊ နန့်ခင်စီခိုင်၊ စချစ်ရင်ခိုင်၊ စချစ်ရှင်ခိုင်၊ စချစ်ဌေးခိုင်၊ နန့်ခင်ဌေးရီခိုင်)။ ဇနီး မခင်နီနှင့် သားသမီး နှစ်ဦး(မြင့်မြင့်ခိုင်၊ မောင်စိန်ခိုင်) တို့ ကျန်ရစ်သည်။ ။

 

hahf