ဘားအံ အောက်တိုဘာ ၂၉
နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘားအံမြို့နယ် ထောင်ကလပ်ကျေးရွာအုပ်စု ကော့ထေးကျေးရွာ အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၆-၂၀၂၇ ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၉၇ ဒသမ ၆၂၀ သန်းဖြင့် အရှည် ၄ ဒသမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၆ လက်မ၊ Box Culvert တစ်စင်းတို့ကို ဒေါနကြယ်စင် ကုမ္ပဏီနှင့် ဇွဲကပင်မေမေကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်သည်။
လမ်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့်တာဝန်ရှိသူများက ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့် ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လမ်းကို ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


