(၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာမသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်     အောက်တိုဘာ      ၁၃

ဂျပန်နိုင်ငံ အိုင်ချိ-နာဂိုယာမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိကျင်းပမည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ (5th Asian Para Games)သို့ မြန်မာမသန်စွမ်း အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ (၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၈ နည်း ထည့်သွင်း ကျင်းပရာ မြန်မာမသန်စွမ်းအားကစားအဖွဲ့က မသန်စွမ်းပြေးခုန်ပစ် (Para Athletics)၊ မသန်စွမ်း ရေကူး(Para Swimming)နှင့် မသန်စွမ်းတိုက်ကွမ်ဒို(Para Taekwondo)အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့    ဝင်ရောက်ယှဉ်ပြိုင်ရန်   မြန်မာမသန်စွမ်း အားကစားအဖွဲ့အား မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကျော်ကျော်ဦး ဦးဆောင်ကာ ယနေ့ညနေပိုင်းတွင်  ရန်ကုန်မြို့မှ  လေကြောင်းခရီးဖြင့်ထွက်ခွာသွားကြရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

(၅)ကြိမ်မြောက်   အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၈ နည်းမှ ပြိုင်ပွဲ အမျိုးအစားပေါင်း ၄၉၀ ကျော် ပါဝင်ပြီး အာရှဒေသတွင်း ၄၅ နိုင်ငံမှ အားကစားသမား ၃၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။             

အာကာ