တိုကျို နိုဝင်ဘာ ၂၆
ဂျပန်နိုင်ငံ အာကာသစူးစမ်းရှာဖွေရေးအေဂျင်စီ (JAXA) သည် လဆင်းယာဉ်နမူနာပုံစံတစ်ခုကို ပြသခဲ့ပြီး လပေါ်တွင် ရေရှိသည့်လက္ခဏာများကို ရှာဖွေရန်အတွက် အိန္ဒိယနှင့်အတူ ပူးပေါင်းကာ လုပ်ဆောင်မည့် မစ်ရှင်အတွက် အဆိုပါ နမူနာပုံစံကို အသုံးပြုသွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံက လဝင်ရိုးစွန်းစူးစမ်းလေ့လာမည့် မစ်ရှင်အတွက် အဆိုပါယာဉ်ကို မောင်းနှင်အသုံးပြုသွားမည်ဖြစ်ပြီး အိန္ဒိယကမူ လဆင်းယာဉ် ထိန်းချုပ်မှုနှင့် တည်ဆောက်မှုအပိုင်းကို ပြုလုပ် သွားမည်ဖြစ်သည်။ JAXA သည် တိုကျိုမြို့ရှိ စက်ရုံ၌ စမ်းသပ်ယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့ပြီး ရေအရင်းအမြစ်ရနိုင်ခြေရှိသည့် နေရာများကို စုံစမ်းရှာဖွေနိုင်ရန် အတွက် ကိရိယာများကိုလည်း လဆင်းယာဉ်ပေါ်တွင် တပ်ဆင်ထားကြောင်း JAXA က ပြောသည်။
ထို့အပြင် လမျက်နှာပြင်ကို တူးဖော်ပြီးရရှိလာသည့် နမူနာပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ရန် တူးဖော်ရေးကိရိယာကိုလည်း တပ်ဆင်ထားသည်။ လပေါ်တွင် ရေရှာဖွေရေးလုပ်ငန်းစဉ်မှာ အဓိကလုပ်ဆောင်မည့်လုပ်ငန်းစဉ်ဖြစ်ပြီး လူစိတ်ဝင်စားမည့် မစ်ရှင်ဟု မျှော်လင့်ကြောင်း JAXA မှ ဟိုရှီနို တာကီရှီက ပြောသည်။ LUPEX ဟု အမည်ပေးထားသည့် လဆင်းယာဉ်ကို ၂၀၂၈ ခုနှစ် ဘဏ္ဍာနှစ်တွင် ကာဂိုရှီမားခရိုင် တာနီဂါရှီမာ အာကာသစခန်းမှ နေ၍ H3 ဒုံးပျံဖြင့် လွှတ်တင်သွားမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


